ရန်ကုန်မြို့တွင် ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်

ရန်ကုန်  ၉ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးတွင် တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်ကြောင်း ယနေ့မွန်းလွဲ ၂ နာရီခွဲက ကျင်းပသည့် မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသားအဆင့် တီဘီရောဂါဆိုင်ရာ လူထုလှုံ့ဆော်လှုပ်ရှားမှု လုပ်ငန်း စတင်ခြင်းနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်၌ လူဦးရေ တစ်သိန်းတွင် တီဘီလူနာ အသစ်တွေ့ရှိနှုန်းမှာ ၃၆၁ ဦးရှိပြီး သေဆုံးသူဦးရေမှာ တစ်သိန်းတွင် ၄၇ဦးရှိကြောင်း၊ ဆေးယဉ်ပါးတီဘီ အသစ်ဖြစ်ပွားနှုန်းမှာ တစ်သိန်း တွင် ၂၅ဦးရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ် လူနာဦးရေ တစ်သိန်းလေးသောင်းခန့် စိစစ်တွေ့ရှိပြီး ရန်ကုန်မြို့တွင် အများဆုံးဖြစ်ကြောင်း သိရသည်။

 

"ဒီရောဂါက လေကနေတစ်ဆင့် ကူးစက်မြန်တယ်ဆိုတော့ ရန်ကုန်မြို့မှာက လူနေထူထပ် သိပ်သည်းတယ်။ ရုပ်ရှင်ရုံတွေ၊ ဘတ်(စ်)ကားတွေ၊ စူပါမားကက်တွေ များတယ်။ တိုက်တွေက တစ်တိုက်နဲ့တစ်တိုက် ကပ်နေတော့ လေဝင်လေထွက် လည်း မကောင်းဘူး။ ဒါတွေက ကူးစက်ပြန့်ပွားဖို့ အခြေအနေတွေပါ။ ကိုယ့်ကိုယ် ကိုယ် ကာကွယ်မှရပါမယ်"ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမန်နေဂျာ ဒေါက်တာ စည်သူအောင်က ပြောကြားသည်။

 

အဆိုပါရောဂါနှင့် ပတ်သက်၍ လူထုလှုံ့ဆော်မှု လုပ်ငန်းကို ယနေ့မှစ၍ မတ်လ ၂၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့မတိုင်ခင် ကြားကာ လအတွင်း ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ လူထုအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်း ဗဟုသုတ၊ အသိပညာခံယူချက်၊ အလေ့အကျင့်၊ အမူအကျင့် ပြောင်းလဲတိုးတက်လာအောင် ဆောင်ရွက်တဲ့ အစီ အစဉ်ပါ။ လှုံ့ဆော်မှုလုပ်ငန်းပြီးသွားရင် ပြည်သူတချို့ကို ကျပန်းရွေးချယ်ပြီး စိစစ်သုံးသပ်သွားမှာပါ" ဟု ဒေါက်တာစည်သူအောင်က ဆက်လက်ပြောကြားသည်။

 

ယနေ့အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဆေးရုံအုပ်ကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဇာနည်မောင်