ရန်ကုန်မြို့တွင်း ခရီးသွားကဏ္ဍမြှင့်တင်မယ်ဆိုပါလျှင်

တင်ဝင်းလေး(ကြည့်မြင်တိုင်)

နိုင်ငံခြားကခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ များသောအားဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တစ်ဆက်တည်း ပုဂံ၊ မန္တလေး၊ အင်းလေးနဲ့ အခြားမြို့တွေကို သွားလေ့ရှိတတ်ကြပါတယ်။

ရန်ကုန်မှာ ညအိပ်ညနေမျိုး ရက်ရှည် နေလေ့မရှိတတ်ကြပါဘူး။ များသောအားဖြင့် တစ်ညတာအိပ်စက်ပြီး ခရီးဆက်တာမျိုးလည်း ရှိတတ်ကြပါတယ်။ ရန်ကုန်မှာက အဓိက သူတို့အတွက် လည်ပတ်စရာက ရွှေတိဂုံ စေတီတော်ရယ်၊ ဗိုလ်ချုပ်‌အောင်ဆန်းဈေး ရယ်ပဲ ရှိနေသလိုမျိုး ဖြစ်နေတယ်။

ကိုလိုနီခေတ် အဆောက်အအုံကြီးတွေ

တကယ်တော့ ရန်ကုန်မှာက နိုင်ငံခြား ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားဖွယ်နေရာ တွေက အများကြီးရှိပါတယ်။ ရှေးဟောင်း မြန်မာဘာသာရေးအဆောက်အအုံတွေရယ်၊ အခြားသော ဘာသာဝင်တွေရဲ့ အဆောက်အအုံ တွေရယ်၊ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ နှစ်တစ်ရာကျော်၊ နှစ်တစ်ရာနီးပါးရှိ အဆောက် အအုံကြီးတွေက ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား ရှိနေပါသေးတယ်။

အဲဒါတွေက ကပ်ကပ်ပြီး ကျော်ကျော် သွားတဲ့ “ကပ်ကျော်”တွေလိုဖြစ်ပြီး သတိမမူလို့ ဂူကိုမမြင်ခြင်းလား ဒါမှမဟုတ် ခရီးသွားကဏ္ဍ အနေနဲ့ ဖော်ပြကြော်ငြာအားပဲ နည်းလို့လား မသိဘူးဖြစ်နေပါတယ်။ အချို့သော ဧည့်လမ်း ညွှန်တွေကပြောပါတယ်။ ရန်ကုန်မြို့လယ်က ရှေးခေတ်ဟောင်း အဆောက်အအုံတွေကို ပြဖို့က မြို့လယ်ကောင် ယာဉ်ကြောကျပ်မှု ကြောင့် ယာဉ်ရပ်နားဖို့ အခက်အခဲတွေရှိနေ တယ်လို့ ဆိုပါတယ်။

ခရီးသွားကဏ္ဍ မြှင့်တင်ဖို့

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက ခရီး သွားကဏ္ဍ မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)က “ရန်ကုန်မြို့တော်ကို ခရီးသွားတို့ လည်ပတ်ရန်နေရာတစ်ခု” ဖြစ်လာစေရေး အတွက် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်ခရီးသွား ကဏ္ဍတိုးတက်ရေး၊ ရန်ကုန်တစ်မြို့လုံး တိုးတက်ရေးအတွက် ကျွန်တော်တို့ဆောင်ရွက် နေပါတယ်။ နေ့ခင်းဘက်လည်း လည်ပတ်စရာ ခရီးစဉ်တွေ ပိုပြီးဆန်းသစ်စေဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်” လို့ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားမှု ရှိခဲ့ဖူးပါတယ်။

ဆန်းသစ်သည့် ခရီးအစီအစဉ်များ

ဒါ့အတွက် ရန်ကုန်မှာ ခရီးသွားတွေ စိတ်ဝင်စားဖွယ် လည်ပတ်နိုင်စေဖို့အတွက်ကို ညဈေးတန်းများ၊ ဆန်းသစ်သည့် ခရီးအစီ အစဉ်များ အကောင်အထည်ဖော်ခြင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမယ် လို့ ဆိုခဲ့ပါတယ်။

ဟိုတယ်လုပ်ငန်းမှ လုပ်ငန်းရှင်တစ်ဦးက “ရန်ကုန်မှာ ရွှေတိဂုံကဲ့သို့ ကမ္ဘာ့အံ့ဖွယ်စေတီလို အခြားရှေးဟောင်း တန်ခိုးကြီးဘုရားစေတီတွေ ရှိတယ်။ အဲဒီမှာ မြန်မာမှုလက်ရာစစ်စစ်တွေ ရှိတယ်။ မြို့နဲ့မနီးမဝေးဆို တွံတေးနဲ့ သန်လျင် က ရှေးဟောင်းဘုရားတွေ စိတ်ဝင်စားဖို့ ကောင်းတဲ့နေရာတွေရှိတယ်။ နောက်ပြီး အခြားဘာသာဝင်တွေရဲ့ အဆောက်အအုံတွေ ရှိတယ်။ ကိုလိုနီခေတ်က တည်ဆောက်ခဲ့ပြီး ယနေ့တိုင် မပျက်မယွင်းဘဲ ကျန်နေတဲ့ အဆောက်အအုံကြီးတွေရှိတယ်။ အဲဒါတွေ ကလည်း သမိုင်းနောက်ကြောင်းတွေရှိတယ်။ လေ့လာမယ်ဆို အလွန်စိတ်ဝင်စားဖို့ကောင်း တယ်။ ဧည့်လမ်းညွှန်တွေ၊ ခရီးသွား ကုမ္ပဏီတွေကသာ အဲဒါတွေကို Promote လုပ်ပြီး Packge အဖြစ် စီစဉ်ဆောင်ရွက် သွားမယ်ဆို ရန်ကုန်မြို့မှာ နိုင်ငံခြားခရီးသွား တွေ နှစ်ညအိပ်ခရီးနဲ့ ပြလို့ရတယ်” လို့ ရှင်းပြမှု ရှိခဲ့ပါတယ်။

 

mdn

 

ယာဉ်ကြောကျပ်တည်းမှု အချိန်တော့ကုန်

ဒါပေမယ့် ဧည့်လမ်းညွှန်တစ်ဦးက “ပြစရာတွေရှိတာမှန်ပေမယ့် ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှု၊ ရှုပ်ထွေးမှုကို နိုင်ငံခြားသားတွေက စိတ်ပျက်စရာမြို့ကြီး အဖြစ် အမြင်ရှိကြတယ်။ နောက်ပြီး အချိန်တွေ ကုန်တာလည်း သူတို့မကြိုက်ကြဘူး” ဟု ပြောဖူးပါတယ်။

ရန်ကုန်မြို့မှာက နိုင်ငံခြားဧည့်သည်တွေခေတ္တနားခိုဖို့က ဟိုတယ်ပေါင်း ၃၄၆ လုံးနဲ့ အခန်းပေါင်း ၂၀၀၀၀ ကျော်လောက်ပဲရှိပြီး တည်းခိုရိပ်သာအနေနဲ့က ၁၀၇ ခုရှိပြီး အခန်း ပေါင်းက ၂၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီအရေအတွက်ဟာ တကယ် ခရီးသွားတွေဝင်လာရင် ဘယ်လိုမှ ပြည့်စုံ လုံလောက်မှုရှိမယ်လို့ မထင်ပါဘူး။

နောက်...သိထားရတဲ့တစ်ချက်က ရန်ကုန် မြို့လယ်မှာ ခရီးသွားလုပ်ငန်းနဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ တိုးတက်မှု ရှိလာတယ်ဆိုတဲ့ သတင်းပါပဲ။ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က လေ့လာထားမှုအရ သိရတာကတော့ ၂၀၁၂ ခုနှစ် မတိုင်မီကနဲ့ အဲဒီနောက် ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ်အတွင်း မြို့တွင်းခရီးသွားလုပ်ငန်း နဲ့ပတ်သက်လို့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်တဲ့။

ခရီးသွားကဏ္ဍဆောင်ရွက်ရာအားနည်မှုရှိ

ဒါပေမယ့် ရန်ကုန်မြို့မှာရှိနေတဲ့ သမိုင်း အမွေအနှစ်တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝအမွေအနှစ်နဲ့ ဒီနေ့ဖွံ့ဖြိုးတိုးတက် လာမှု ပကတိအခြေအနေတွေ အသုံးပြုပြီး ခရီးသွားကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရာ မှာတော့ အားနည်းမှုတွေ ရှိနေကြောင်း သိရပါတယ်။

အဲဒီအမွေအနှစ်တွေကို ရယူပြီးတော့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က အများစိတ်ဝင်စား ဖွယ်ရာ ကဏ္ဍတစ်ခုကို ဦးဆောင်ဖော်ထုတ် လျက်ရှိနေပါတယ်။

ရွှေတိဂုံစေတီကို ဗဟိုပြု

ပြည်သူတွေ၊ ခရီးသွားဧည့်သည်တွေ အရောက်အများဆုံး၊ လည်ပတ်မှုအများဆုံးဖြစ် တဲ့ ရွှေတိဂုံစေတီကို ဗဟိုပြုလို့ ထိုမှ မြို့လယ် ကို ဖြတ်သန်းသွားတဲ့ အစီအစဉ်ပါ။ ခရီး အကွာအဝေးကလည်း ငါးကီလိုလောက်ပဲ ဆိုတော့ ပင်ပန်းပါတယ်လို့တော့ ပြောလို့ မရဘူးပေါ့။ ခရီးအဆုံးကတော့ ဗိုလ်တထောင် စေတီအထိပါ။

ခရီးစဉ်က ပြန်ပြောရမယ်ဆိုရင် ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်ကစလို့ ရွှေတိဂုံ ဘုရားလမ်း၊ အလံပြဘုရားလမ်း၊ ယောမင်းကြီး လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ရွှေဘုံသာ လမ်း၊ မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ဘဏ်လမ်း၊ ပန်းဆိုး တန်းလမ်း၊ ကမ်းနားလမ်းကနေ ဗိုလ်တထောင် ဘုရားမှာ ခရီးဆုံးမှာ ဖြစ်ပါတယ်။

ခရီးစဉ်တစ်လျှောက်မှာက စစ်ကြီးမတိုင်မီ နဲ့ စစ်ကြီးအပြီး ကျန်ရစ်ခဲ့တဲ့ မြို့ပြအမွေအနှစ် တွေက ကြည့်လို့မဆုံးအောင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းဗဟိုပြု

ခရီးစဉ်မှာ ပါဝင်လျှောက်တဲ့သူအားလုံးက အစအဆုံးလိုက်ပါရမယ်လို့ သတ်မှတ်ထားတာ တော့ မရှိပါဘူး။ လျှောက်နိုင်တဲ့သူလည်း လျှောက်လာလိမ့်မယ်။ ကြားမှာနားချင်တဲ့ သူတွေလည်း နားကြလိမ့်မယ်။ နားဖို့ကလည်း ခုံလေးတွေ အရိပ်ရပင်လေးတွေက ရှိပြီးသားမို့ အေးအေးလူလျှောက်လှမ်းနိုင်ကြမယ့် အစီ အစဉ်ပါ။ အဲဒါနဲ့ဆက်နွှယ်ပြီး ခရီးသွားနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေပါ ဗဟိုပြု လာမယ်ဆိုရင်တော့ တိုးရစ်ကော်ရစ်ဒါမျိုး ဖြစ်သွားဖို့ မျှော်လင့်ပါတယ်လို့ တာဝန်ရှိသူ တစ်ဦးက ၎င်းရဲ့ ရည်မျှော်မှုကို ပြောပြထားဖူး ပါတယ်။

တကယ်တော့ ရန်ကုန်မြို့ဟာ အရှေ့ တောင်အာရှမှာ သမိုင်းအမွေအနှစ်တွေနဲ့ ပြည့်နေတဲ့ မြို့ကြီးပါ။ ရိုးရာယဉ်ကျေးမှုတွေ ထုံမွမ်းနေတဲ့ မြို့ကြီးပါ။ အဲဒီသမိုင်းတွေ ပြန်ပြောနိုင်တဲ့ အဆောက်အအုံကြီးတွေ ကလည်း ခိုင်ခိုင်မာမာနဲ့ ရှိနေဆဲပါ။ ဒါဟာ ရန်ကုန်ရဲ့အားသာချက်ပါ။

အမွေအနှစ်တွေ ပြည့်နေတဲ့မြို့

ရန်ကုန်မှာ ခရီးသွားကဏ္ဍမြှင့်တင်မယ် ဆိုရင်တော့ အဲဒီအားသာချက်တွေကို သတိမူ လို့ မြူကိုပင် မြင်နိုင်သည့်ပမာ အသုံးပြု သွားကြပါ။ ရန်ကုန်ဟာ အမွေအနှစ်တွေ ပြည့်နေ တဲ့မြို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိတဲ့ ချစ်စရာမြို့ကြီးတစ်မြိုလို့ နိုင်ငံခြား သား ဧည့်သည်တစ်ယောက်ရဲ့ ရင်ထဲမှာ စွဲကျန်သွားမယ်ဆိုရင် တစ်ဆင့်စကား တစ်ဆင့် နားနဲ့ ပန်းသတင်း လေညင်းဆောင် သွားမှာပါ။ ။

မြန်မာ့အလင်း