ရန်ကုန် ၁ မေ
ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါလူနာတွေ့ရှိသည့် နေရာများ၊ မီနီလော့ဒေါင်းချထားသည့် လမ်းများနှင့် လမ်းမကြီးများကို ယနေ့တွင် ပိုးသတ်ဆေးဖျန်းခြင်းကို စုပေါင်းဆောင်ရွက်ကြသည်။
“ကျွန်တော်တို့က မီနီလော့ဒေါင်းချထားတဲ့ ပေါ့စစ်တစ်ရှိတဲ့လမ်းတွေ၊ (၄၂)လမ်းရှိမယ်၊ လမ်း(၅၀)ရယ်၊ လမ်းမကြီးတွေရယ် အဓိကဖျန်းပေးတာပါ၊ ကိုဗစ်-၁၉ စဖြစ်ကတည်းက တချို့နေရာတွေလည်း မြို့နယ်အလိုက် အသေးစားဖျန်းပေးတာလည်း ရှိပါတယ်။ အခုက ယန္တရားစက်တွေနဲ့ မီနီလော့ဒေါင်းမြို့နယ် (၇)မြို့နယ်၊ နောက်ထပ် (၃)မြို့နယ် အားလုံး(၁၀)မြို့နယ်ကို ဖျန်းပေးပါတယ်၊ ပိုးသတ်ဆေးကတော့ ဆိုဒီယမ် ဟိုက်ပိုကလိုရိုက် တစ်မျိုးတည်းပါ။ မီးသတ်ကား၊ ရေသည်ယာဉ် ၁၅ စီး၊ ပရဟိတအဖွဲ့များမှ ယာဉ် လေးစီးနဲ့ ဖျန်းပေးပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။
ယနေ့ ပိုးသတ်ဆေးဖျန်းရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းကွပ်ကဲ၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်များ မီးသတ်ယာဉ်၊ ရေဘောက်ဆာ၊ ဆေးဖျန်းကား၊ Ambulance၊ ပရဟိတအဖွဲ့ဝင်များ အင်အား ၁၁၀ ခန့်က ကား ၁၉ စီးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇင်ဝင်း


