ရန်ကုန် ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မဏ္ဍပ်များ တည်ဆောက်နေမှုနှင့် လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံ မြို့နယ် ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိ မဏ္ဍပ် ၁၀ ခု တည်ဆောက်နေမှုနှင့် ရေပိုက်လိုင်းသွယ်တန်းတပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှု၊ ဖျော်ဖြေရေးစင်မြင့် တည်ဆောက်နေမှု၊ လမ်းလျှောက်သင်္ကြန်အတွက် ရေမှုန်ရေမွှားနှင့် လျှောက်လမ်းများ ပြင်ဆင်ထားရှိမှု၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းသည့် ဓလေ့အား ပြည်သူများပါဝင်ဆင်နွှဲနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရေပိုက်လိုင်းသွယ်တန်းတပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဏ္ဍပ်များကြံ့ခိုင်ရေး၊ လုံခြုံရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်းတွင် လမ်းလျှောက်သင်္ကြန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


