ရန်ကုန် ၁ ဇန်နဝါရီ
ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညတွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကြိုဆိုပွဲ Myanmar Countdown 2020 ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
နှစ်သစ်ကူးကြိုဆိုပွဲသို့ ညနေ ၆ နာရီမှစ၍ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်များ၊ မိသားစုများ လာရောက်ကြကာ နာမည်ကြီး အနုပညာရှင်များ၊ အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ပျော်ရွှင်စွာ လိုက်ပါသီဆိုကခုန်ကြပြီး LED မီးဆိုင်းများဖြင့် အလှဆင်ထားသည့် နေရာများတွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
နှစ်သစ်ကူးကြိုဆိုပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ နှစ်သစ်ဆုတောင်းစကား ပြောကြားခဲ့သည်။
နှစ်သစ်သို့ ကူးပြောင်းမည့် ည ၁၂ နာရီတွင် Countdown ရေတွက်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။ နှစ်သစ်ကြိုဆိုပွဲကို ရန်ကုန်မြို့ရှိ နေရာတချို့တွင်လူငယ် လူရွယ်များက ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ကိုယ်တိုင်မလာရောက်နိုင်တဲ့ ပရိသတ်များအတွက် Myanmar Countdown 2020 ပွဲတော်ကို MRTV-4၊ Channel 7 ရုပ်သံလိုင်းများနှင့် Fcaebook page များကနေ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)