ရန်ကုန် ၅ သြဂုတ်
လျှပ်စစ်မီတာခနှုန်းထားများ တိုးမြှင့်ခဲ့သော်လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တွင် ဖြန့်ဖြူးပေးဝေလျက်ရှိသည့် သောက်သုံးရေနှင့် ပတ်သက်ပြီး ရေမီတာခကျသင့်ငွေနှုန်းထားများ တိုးမြှင့်ကောက်ခံရန် အစီအစဉ်မရှိသေးကြောင်း ရေနှင့်သန့်ရှင်းမှုဌာန ခေတ္တဌာနမှူး ဦးမြင့်ဇော်သန်းက ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ရေမီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံရန် အစီစဉ်ရှိမရှိ သတင်းမီဒီယာများ၏ မေးမြန်းမှုနှင့်စပ်လျဉ်းပြီး ရေနှင့် သန့်ရှင်းမှုဌာန ခေတ္တဌာနမှူး ဦးမြင့်ဇော်သန်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ၄င်းက "လက်ရှိအချိန်မှာ ရေဖိုးရေခတွေကို တိုးမြှင့်ကောက်ခံဖို့ လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။ ရေမီတာနဲ့ပတ်သက်ပြီး စနစ်တကျ သုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ များသောအားဖြင့် ရေမီတာမတပ်ဘဲ သုံးစွဲခဲ့ကြတယ်။ ရေမီတာကို ပုံသေနှုန်းနဲ့ ကောက်ခံတာရှိပါတယ်။ ရေအလေအလွှင့်ကို ထိန်းသိမ်းဖို့ ရေမီတာတွေ တပ်ဆင်ပြီးသုံးစွဲဖို့ စည်းရုံးရေးနည်းလမ်းနဲ့ သုံးစွဲသူတွေကို စည်းရုံးနေပါတယ်" ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ ရန်ကုန်မြို့တွင် ဖြန့်ဖြူးပေးဝေလျက်ရှိသည့် သောက်သုံးရေနှင့် ပတ်သက်ပြီး ရေမီတာခ ကျသင့်ငွေနှုန်းထားများအား လက်ရှိအချိန်တွင် အိမ်သုံးတစ်ယူနစ် ၈၈ ကျပ်၊ စီးပွားရေးသုံး တစ်ယူနစ် ၁၈၈ ကျပ် ကောက်ခံလျက်ရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် သတင်းမီဒီယာများက မိုးပျံရထားလမ်းဆောင်ရွက်မှု၊ ကမ်းနားလမ်းညဈေး အဆင့်မြှင့်တင်နေမှု၊ ဈေးများအဆင့်မြှင့်တင်နေမှု၊ အများသုံး သန့်စင်ခန်းများ သန့်ရှင်းမှုရှိစေရန် ဆောင်ရွက်နေမှု၊ လမ်းဘေးခွေးလေခွေးလွှင့်ကိစ္စ ဆောင်ရွက်နေမှု၊ လမ်းဘေးဈေးသည်များအား အရေးယူဆောင်ရွက်နေမှုနှင့် ရေမီတာခတိုးမြှင့်ကောက်ခံမှုရှိမရှိ အခြေအနေများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းရာ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)


