တင်ဝင်းလေး (ကြည်မြင့်တိုင်)၊ ဓာတ်ပုံ- ဒို့အိမ်အဖွဲ့
“ဒီဘက်ခေတ်ကလေးတွေ သိပ်သနားဖို့ကောင်းတာပဲ။ လွတ်လွတ်လပ်လပ် ဆော့ကစားဖို့ နေရာဆိုတာ မရှိသလောက်ပဲ” ဟု ကြည့်မြင်တိုင်မြို့နယ်မှ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်က နံနက်ပိုင်း တွေ့ဆုံနေကျလက်ဖက်ရည်ဆိုင်တွင် အကြောင်းတရားတစ်ခုအပေါ် ဆွေးနွေးကြရင်း ပြောခဲ့သည်ကို ပြန်အမှတ်ရမိခဲ့သည်။
ဟုတ်တော့လည်း ဟုတ်ပါသည်။ သည်ဘက်ခေတ်ကလေးများသည် ကလေးပီပီ ပြေးပြေးလွှားလွှား ပျော်ပျော်ပါးပါး ဆော့ကစားရန်နေရာများ ရှားပါးသွားပြီဖြစ်သည်။
အထပ်မြင့်အဆောက်အအုံ၊ တိုက်ခန်းများအတွင်း၌သာ အချိန်ကုန် ကြီးပြင်းလာကြရသူများ ဖြစ်လာသည်။ လမ်းသွယ်ပင်ဖြစ်လင့်ကစား အဆက်မပြတ် လာတတ်သော ယာဉ်အသွားအလာများကြောင့် ယာဉ်အန္တရာယ်က အချိန်မရွေး ဖြစ်ပေါ်လာနိုင်မည်ကို စိုးရိမ်ရသော အခြေအနေများဖြစ်သည်။
စာရေးသူတို့ ငယ်ငယ်က တူတူပုန်းတမ်းကစားလျှင် အိမ်ကြိုအိမ်ကြား၊ အိမ်အောက်များသို့ အငြိအစွန်းမရှိ ပြေးနိုင်ပုန်းနိုင်ခဲ့ကြသည်။ နောက်ဖေး လမ်းကြားများဆိုလျှင်လည်း အမှိုက်သရိုက် မရှိ၊ ဒိုးပစ်နိုင်၊ ဂေါ်လီပစ်နိုင်သည့်အ နေအထားအထိ ရှင်းလင်းခဲ့ကြသည်။ ကိုယ့်အိမ်နောက်ဖေးကို တံမြက်စည်းလှည်း ရှင်းလင်းထားကြသည်။
အလယ်တန်း၊ အထက်တန်း၊ ကျောင်းကြီးများဆိုပါက ဘောလုံးကွင်းနှင့်ကစားရန် မြေအကျယ်အဝန်းရှိကြသည်။ နောက်ပိုင်း ကျောင်းအဆောက်အအုံများ ဖြည့်ဆည်း တည်ဆောက်ခြင်းကြောင့် အချို့သော ကျောင်းကြီးများတွင် အားကစားကွင်းများ၊ ဆော့ကစားရန်မြေကွက်လပ်များသည် တစ်စတစ်စ ပျောက်ကွယ်လာခဲ့သည်ကို တွေ့မြင်နေရသည်။
တစ်ဖန် ယခင်က တစ်ထပ်အိမ်၊ နှစ်ထပ်အိမ်များမှသည် အထပ်မြင့်တိုက်တာများက ခေတ်ပြိုင်တိုးတက်မှုအဖြစ် နေရာယူလာကြသည်။ ယခင်က တစ်ထပ်အိမ်၊ နှစ်ထပ်အိမ်တစ်လုံးတွင် မိသားစုတစ်စု၊ နှစ်စုမှသည် အခန်းပေါင်းများစွာသော တိုက်များပေါ်တွင် အိမ်ထောင်စုများ သိပ်သည်းလာခဲ့သည်။ မိသားစုများ များပြား လာခဲ့သည်။
ထိုနည်းတူ မိသားစုများ၏ စွန့်ပစ်ပစ္စည်းအမှိုက်များသည် အဆပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှထွက်သော အမှိုက်တန်ချိန်မှာ နေ့စဉ် ၂၅၀ဝ ခန့်ရှိသည်ဟု သိရသည်။ နေ့စဉ်သိမ်းဆည်းသော၊ စည်ပင်အမှိုက်ပုံးများထဲ ရောက်ရှိသော အမှိုက်များဖြစ်သည့် နောက်ဖေးလမ်းကြားနှင့် မြောင်းအတွင်းသို့ စွန့်ပစ်သော အမှိုက်များကလည်း ထိုနည်းပင် ရှိပေမည်။ နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်များက နှစ်နှင့်ချီ ကြာမြင့်လာသောအခါ တောင်ပို့တစ်ခုပမာ ထုထည်အဖြစ် တည်ရှိလာခဲ့သည်။ ထို့အတွက် နောက်ဖေးလမ်းကြားများသည် ရွံရှာဖွယ်နေရာတစ်ခုအဖြစ် သတ်မှတ်၍ အများသူငါ ရှောင်ကြဉ်ရာနေရာများ ဖြစ်လာခဲ့သည်။
ဤတွင် ပရဟိတ သဘောဆောင်သည့် “ဒို့အိမ်အဖွဲ့” သည် ပေါ်ပေါက်လာခြင်းဖြစ်သည်။ “လူအားလုံးအသုံးပြုနိုင်သော ဒီဇိုင်းကောင်းမွန်သည့် အများပြည်သူဆိုင်ရာ နေရာများသည် ရန်ကုန်နေလူထုအတွက် ကောင်းကျိုးများဆောင် ကြဉ်းပေးနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်” ဟူသော ဖွင့်ဟသံနှင့်အတူ ဒို့အိမ်အဖွဲ့သည် မြို့တွင်း နောက်ဖေးလမ်းကြားများကို “နောက်ဖေး လမ်းကြားဥယျာဉ်များ” အဖြစ် ပြောင်းလဲ ဖော်ဆောင်လာခဲ့ခြင်းဖြစ်သည်။
နောက်ဖေးလမ်းကြား ဥယျာဉ်များ ဖော်ဆောင်ရာတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အခြားသော လူမှုရေး အဖွဲ့အစည်းများ၊ လူငယ်ပန်းချီဆရာအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ဆောင်ရွက်သကဲ့ သို့ အခြားသော NGO Spring Accelerator အရှေ့အာဖရိက၊ တောင်အာရှနိုင်ငံတို့မှ အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်မှုလည်း ရှိခဲ့သည်ဟု သိရသည်။
ဒို့အိမ်အဖွဲ့သည် နောက်ဖေးလမ်းကြား ဥယျာဉ်ကို ၂၀၁၆ ခုနှစ်အတွင်းက ပန်းဘဲတန်း မြို့နယ်အတွင်း ၂၇ လမ်းနှင့် ၂၈ လမ်းအကြားတွင် အစပျိုးစမ်းသပ်မှုအဖြစ် တည်ဆောက်ခဲ့သည် ဟု သိရသည်။
ဤသို့ ဆောင်ရွက်ရာတွင် မြို့နယ်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်လူမှုရေးအဖွဲ့ဝင်များ၊ လမ်းနေပြည်သူများက ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည်။
ကလေးများလွတ်လပ်စွာ အစုအဖွဲ့ဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဆော့ကစားနိုင်သကဲ့သို့ လူကြီးများ စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်ခြင်းအပြင် ကိုယ်လက်လှုပ်ရှားရာ နေရာလေးတစ်ခု အဖြစ် ပေါ်ထွန်းလာခဲ့သည်။
လက်ရှိကာလတွင်မူ ဒို့အိမ်အဖွဲ့အနေဖြင့် ကျောက်တံတားမြို့နယ်အတွင်း၌ ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား (အလယ်ဘလောက်)၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ၃၅ လမ်းကြား (အပေါ်ဘလောက်)၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား (အပေါ်ဘလောက်)တွင် လည်းကောင်း၊ ပန်းဘဲ တန်းမြို့နယ်အတွင်း၌ ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အလယ်ဘလောက်)၊ ဗိုလ်ဆွန်ပက်လမ်းနှင့် ၃၁ လမ်းကြား(အလယ်ဘလောက်)၊ ရွှေဘုံသာလမ်း နှင့် ၂၉ လမ်းကြား(အပေါ်ဘလောက်)၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား(အလယ်ဘလောက်) နှင့် ၃၀ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား (အပေါ် ဘလောက်) တို့တွင် နောက်ဖေးလမ်းကြားဥယျာဉ်များအဖြစ် ရှစ်ခုတိုင် ဖော်ဆောင်နိုင်ခဲ့ပြီကို တွေ့ရသည်။
ဤတွင် အဋ္ဌမမြောက် နောက်ဖေးလမ်းကြား ဖွင့်လှစ်ပွဲတွင် ဗိုလ်ဆွန်ပက်လမ်းမှ ပြည်သူတစ်ဦး က “ထင်တောင်မထင်မိဘူး။ ရှုပ်ပွနေတဲ့ လမ်းကြားတစ်ခုကို အခုလိုလှလှပပနဲ့ သန့်ရှင်းအောင် ပြုလုပ်ပြီးကလေးတွေ၊ လူကြီးတွေ စိတ်ပျော်ရွှင်ဖွယ် အနားယူနိုင်အောင် လုပ်ဆောင်ပေးတဲ့အတွက် လုပ်ဆောင်ပေးတဲ့အဖွဲ့တွေ၊ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။ တည်မြဲအောင်ထိန်းသိမ်းဖို့ကတော့ ကျွန်တော်တို့ နေထိုင်သူတွေရဲ့ တာဝန်တစ်ခုပါပဲ” ဟု မှတ်ချက်ပေးခဲ့ဖူးသည်။
ဒို့အိမ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဒေါ်အေးမြတ်သူနှင့် တွေ့ဆုံခဲ့ရာတွင် ၎င်းက “အခုဆို နောက်ဖေးလမ်းကြားများ တည်ဆောက်နေသလို ကျွန်မတို့ ဒို့အိမ်အဖွဲ့က အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အကြား မိန်းကလေးတွေကို စုစည်းပြီး တိုင်ပင်ဆွေးနွေးမှုတွေ ပြုခိုင်းတယ်။ အကြံဉာဏ်တွေ ပေးခိုင်းတယ်။ ဆုံးဖြတ်ချက်တွေ ချခိုင်းတယ်။ တည်ဆောက်မှုအပိုင်းတွေမှာ ဦးဆောင်မှုပြုခိုင်းတယ်။ သူတို့လေးတွေက နောင်တစ်ချိန်မှာ နိုင်ငံ့အတွက် အကျိုးပြုလာနိုင်တဲ့ကလေးတွေမို့ပါ။ အဲဒီအစီအစဉ်က ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကပဲ လှိုင်သာယာမြို့နယ် တမာကျွန်းမှာ ဆောင်ရွက်ခဲ့ပါတယ်။ နောက်လာမယ့် ဇွန် ၂၂ ရက်မှာလည်း ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်မှာ ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ဆိုထားသည်။
ထို့အပြင် ဒို့အိမ်အဖွဲ့အနေဖြင့် မြို့ပြအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးကဏ္ဍကိုလည်း ဖော်ဆောင်လျက်ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့သည် သမိုင်းဝင်အချက်အချာ နေရာများ လက်ရာမပျက်တည်ရှိနေသေးသည့် အာရှတိုက်၏တစ်ခုတည်းသော မြို့ဖြစ်သည်။ မြို့ပြ အမွေအနှစ်အ ဆောက်အအုံများသည် ရန်ကုန်၏ သက်ဝင်လှုပ်ရှားခဲ့သော အတိတ်ကိုသာမက အရေးပါသော အနာဂတ် အခွင့်အလမ်းများကိုပါ ထင်ဟပ်နေသည်။ သို့သော် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြို့ ပြတိုးတက်မှု၊ ဆောက်လုပ်ရေး လုပ်ငန်းများ တစ်ဟုန်ထိုး လုပ်ဆောင်လာမှုတို့ကြောင့် အမွေအနှစ်အဆောက်အအုံအများအပြား ဖြိုချဖျက်ဆီးမှုများ ရှိလာခဲ့သည်။
ဒို့အိမ်အဖွဲ့အနေဖြင့် မြို့ပြအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်းခြင်းသည် အဆောက်အအုံများ၏ ရုပ်ပိုင်းအသွင်အပြင်ကို သာမက မြို့တစ်မြို့၏ သမိုင်းနှင့် ယဉ်ကျေးမှု လက္ခဏာများ၊ ရပ်ကွက်တစ်ခု၏ လူမှုဆိုင်ရာ သရုပ်၊ မိသားစုများ၏ ဂုဏ်ယူဖွယ်ပိုင်ဆိုင်မှုများကိုပါ ထိန်းသိမ်းရာရောက်သည်ဟု ဖော်ပြမှုနှင့်အတူ မြို့ပြအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးကိုပါ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားမှုကို တွေ့ရသည်။ ဤသို့ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်သူ ပိုင်ရှင်တို့သဘောထားဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း သိရသည်။
ဤကဲ့သို့ ဒို့အိမ်လေးများ နောက်ဖေးလမ်းကြား ဥယျာဉ်လေးများကို ဒို့အိမ်အဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး နှင့် ပူးပေါင်းဖန်တီးဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ ရှေ့ကာလများတွင်လည်း ဆက်လက်ဖော်ထုတ် သွားမည်ဟု သိရသည်။ ရေရှည်တည်တံ့ရေး၊ အမှိုက်ကင်းစင်စေရေး အစဉ်ထာဝရ အသုံးပြုနိုင် ရေးအတွက်မှာမူ ထိုဥယျာဉ်ငယ်များသို့ လာရောက်ကြသောသူများ၊ ရပ်ကွက်၌ ဖွဲ့စည်းထားသော ကော်မတီများ၊ ရပ်ကွက်နေပြည်သူများကပါ ပူးပေါင်းထိန်းသိမ်းခြင်းဖြင့် မြို့တော်ကြီး ယခုထက် ပိုမိုသာယာသန့်ရှင်းလှပစေရေးအတွက် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။
မြန်မာ့အလင်း