ရန်ကုန် ၁၀ ဩဂုတ်
ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှု YPS ကတ်ကို ဩဂုတ် ၈ ရက်မှစ၍ YBS ယာဉ်လိုင်းပေါင်း ၂၁ လိုင်းတွင် ထပ်မံသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှု YPS ကတ် အသုံးပြုနိုင်ရန် ယာဉ်လိုင်းများမှာ YBS 2, 3 (သင်္ကန်းကျွန်း၊ သုဝဏ္ဏ), 4, 7 (ရိုးမရိပ်သာ၊ ကားကြီးဂိတ်၊ အကြော်တဲ (နတ်စင်)၊ အကြော်တဲ (စက်မှုဇုန်)၊ 8, 10, 11, 24, 28, 29, 36 (အောင်မင်္ဂလာ၊ ထောက်ကြန့်၊ ရွှေပေါက်ကံ)၊ 40, 58, 59, 65 အစရှိသော ယာဉ်လိုင်းပေါင်း ၂၁ လိုင်း၊ ယာဉ်အစီးရေ ၇၀၀ ကျော်တွင် ထပ်မံ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင် ယာဉ်လိုင်း ၁၂ လိုင်းတွင် ဇူလိုင် ၂၁ ရက်ကစ၍ ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ် အသုံးပြုခွင့် ရရှိခဲ့ပြီးနောက်ပိုင်း ယခုအခါ ယာဉ်လိုင်းပေါင်း ၂၁ လိုင်းကို ထပ်မံတိုးမြှင့်ခွင့်ပြုပေးထားခြင်း ဖြစ်သည်။
ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှု YPS ကတ်များ လွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ YRTA တွဲ ဖက်အတွင်းရေးမှူး ဉီးလှအောင်က “ကတ်တွေနဲ့ပတ်သက်ပြီး ရောင်းချတဲ့အခါမှာ g & g ဆိုင်ပေါင်း ၁၀၂ ဆိုင်အပြင် ထပ်မံတိုးဖို့လုပ်ထားသလို YCDC အနေနဲ့ကလည်း မှတ်တိုင်တွေမှာ ဆိုင်ကလေးတွေ တည်ဆောက်ရေးလည်း တိုးမြှင့်လုပ်နေပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ယာဉ်လိုင်းတွေနဲ့ Asia Starmar နဲ့ ချိတ်ဆက်ပြီးတော့ ကတ်ရောင်းချမှု တိုးမြှင့်ရေးကို ကြိုးစားနေပါတယ်” ဟု YRTA နှင့် သတင်းမီဒီယာတွေ့ဆုံပွဲ ၉/၂၀၂၀ တွင် ပြောကြားသည်။
ပြည်သူများ အဆင့်မြင့်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ရရှိခံစားနိုင်စေရန်အတွက် ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်များကို ဇူလိုင် ၁၆ ရက်မှစတင်ကာ g & g ဆိုင်ပေါင်း ၁၀၂ ဆိုင်နှင့် ဆူးလေ၊ သမိုင်း၊ တာမွေတို့တွင် ကတ်အရောင်းနှင့် ဝန်ဆောင်မှုစင်တာ ၃ ခု ဖွင့်လှစ်ကာ စတင်ရောင်းခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆူးလေခန်းမရှေ့၊ မြန်မာပလာဇာ၊ ရှစ်မိုင်ဂျန်းရှင်းနှင့် ပါရမီ (ညောင်ပင်) ကားမှတ်တိုင် အနီးတို့တွင် YPS ကတ်အရောင်းနှင့် ငွေဖြည့်ဆိုင်များကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွန့်


