ရန်ကုန် ၈ မတ်
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ယခင်ကထက် ပြန်လည်ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောကြားသည်။
ယနေ့မွန်လွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပသည့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အထွေထွေအစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဦးတင်မောင်က ပြောကြားခြင်း ဖြစ်သည်။
“ဒီအချိန်မှာ အိမ်ခြံမြေဈေးက အနိမ့်ဆုံးကို ရောက်သွားတာက တစ်ကြောင်း၊ အခွန်နှုန်းကို နိုင်ငံတော်အစိုးရက ၂၀၁၉ - ၂၀၂ဝ ခုနှစ်အတွက် သတ်မှတ်ပေးလိုက်တာက တစ်ကြောင်း၊ ဒီနှစ်ချက်နဲ့ အိမ်ခြံမြေဝယ်ယူမှု များပြားလာပြီး အရောင်းအဝယ် ပိုဖြစ်လာပါတယ်” ဟု ၎င်းက ပြောသည်။
နှစ်ပတ်လည် အသင်းသားစုံညီ အထွေထွေအစည်းအဝေးတွင် နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ် မတ် ၂၀ ရက် ခွင့်ပြုချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ငါးထောင်ခန့်ရှိ၍ အသင်းအနေဖြင့် အိမ်ခြံမြေနှင့် သက်ဆိုင်သည့် သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခမဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မင်းသစ်(MNA)