နေပြည်တော် ၃၁ ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလ နောက်ဆုံး ရက်သတ္တပတ်များအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံးများ၌ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်လိုသည့်ယာဉ်များ ပုံမှန်ထက် သုံး၊ လေးဆ ပိုမိုများပြားခဲ့သည့်အတွက် ၎င်းရုံးများမှ ဝန်ထမ်းများ အနေဖြင့် အစိုးရရုံးပိတ်ရက်များကို နားရက်မယူဘဲ အချိန်ပိုဆင်း၍ အထူးဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် ထိုသို့ အပင်ပန်းခံကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်း လာရောက်ဆောင်ရွက်သူပြည်သူများ အချိန်မီ ယာဉ် သက်တမ်းတိုးနိုင်ပြီး အဆင်ပြေချောမွေ့ခဲ့ကြောင်း သိရှိရသည်။

 

ပုံမှန်အားဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် မှတ်ပုံတင် သက်တမ်း ကုန်ဆုံးမည့်ယာဉ်များသာ လကုန်ရက်မတိုင်မီ သက်တမ်းတိုးလာရောက် ဆောင်ရွက်လေ့ရှိကြသော်လည်း လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အမည်ပေါက်မှန်ကန်သော ယာဉ်များကိုသာ နှစ်လဲ မှတ်ပုံတင်သက်တမ်းတိုး လက်ခံဆောင်ရွက်ပေးတော့မည်ဖြစ်ရာ အမည်ပေါက်မမှန်သောယာဉ်များ၊ ပြည်တွင်း အခွန်ရုံးများ၌ အခွန်မဆောင်လိုသော ယာဉ်များကပါ ယခုလကုန်အတွင်း အချိန်မီသက်တမ်းတိုးနိုင်ရန် စုပြုံ ကြိုးပမ်းကြသည့်အတွက် ယခုနှစ်၌ ပုံမှန်ထက် သုံး၊ လေးဆ ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပုံမှန် လုပ်ထုံးလုပ်နည်းအရ မှတ်ပုံတင်သက်တမ်းကုန်ဆုံးမည့် ရက်မှ ရက်ပေါင်း ၉၀ ကြိုတင်၍ သက်တမ်းတိုးခွင့်ပြုထား သည့်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း သက်တမ်းကုန်ဆုံးမည့် ယာဉ်အများစုသည် ယခု ဒီဇင်ဘာလအတွင်း သက်တမ်းတိုးခွင့်ရှိနေခြင်းဖြစ်သည်။

 

ပုံမှန်ထက်ပိုမိုများပြား

 

“ဒီဇင်ဘာ ၁၆၊ ၁၇ လောက်ကတည်းက ရန်ကုန်နဲ့ မန္တလေးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးတွေမှာ သက်တမ်းတိုးယာဉ်တွေ ပုံမှန်ထက် ပိုမိုများပြား လာခဲ့ပါတယ်။ များလာတာကလည်း ယာဉ်ပိုင်ရှင်တွေ အနေနဲ့ လာမယ့်နှစ်ဆန်းကစပြီး အမည်ပေါက်မှန်မှသာ သက်တမ်းတိုး ဆောင်ရွက်ခွင့်ရှိတော့မှာ ဖြစ်တဲ့အတွက် အဲဒါကို လွတ်အောင် ဒီဇင်ဘာလကုန်ပိုင်းတွေမှာ စုပြုံ တိုးလာခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လာသမျှပြည်သူတွေကို အဆင်ပြေချောမွေ့အောင်၊ ပြီးစီးအောင် လက်ခံဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ရုံးချုပ်အနေနဲ့ ယာဉ်တွေ ပုံမှန်ထက်များလာတဲ့အခြေအနေကို နေ့စဉ်သုံးသပ်နေပြီး အချိန်နဲ့ တစ်ပြေးညီ စီမံခန့်ခွဲဆောင်ရွက်ပေးခဲ့ပါတယ်။ ရုံးချုပ်နဲ့ ဝန်မပိတဲ့ရုံးတွေက ယာဉ်စစ်အင်ဂျင်နီယာဝန်ထမ်းတွေကို ထုတ်နုတ်ပြီး မနိုင်မနင်းဖြစ်နေတဲ့ရုံးတွေကို အချိန်မီဖြန့်ခွဲ တွဲဖက်တာဝန်ပေးခဲ့ပါတယ်။ ယာဉ်စစ်ရာမှာ မူလက ပုံမှန် လေးလိုင်း၊ ငါးလိုင်းနဲ့ စစ်ရာကနေ ခုနစ်လိုင်း၊ ရှစ်လိုင်း စသည်ဖြင့် တိုးစစ်နိုင်အောင်လုပ်ပေးခဲ့ပါတယ်။ ပုံမှန် မနက် ၈ နာရီမှ ရုံးဝင်းတံခါးဖွင့်ပေးပြီး ဝင်ခွင့်ပြုရာကနေ ရုံး အလိုက် မနက် ၅ နာရီ၊ ၆ နာရီကတည်းက ရုံးဝင်းတံခါး ဖွင့်ပေး၊ ယာဉ်တွေကို ဝင်ရောက်စေခဲ့ပြီး ရုံးအလိုက် မနက် ၆ နာရီ၊ ၇ နာရီခွဲလောက်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းအားလုံးစနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ညနေပိုင်းကျတော့လည်း ဝန်ထမ်းတွေ ည ၇ နာရီ၊ ၈ နာရီ၊ ၈ နာရီခွဲလောက်အထိ Wheel Tax ထုတ်ပေးတာ၊ Owner Book ထုတ်ပေးတာတွေ ပြီးပြတ် အောင် အပင်ပန်းခံဆောင်ရွက်ပေးခဲ့ပါတယ်။ ဘာပဲပြောပြော ဝန်ထမ်းတွေအနေနဲ့ လာရောက်ဆောင်ရွက်တဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူရပါတယ်” ဟု ရုံးချုပ်ယာဉ်မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

 

မန္တလေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများအနေဖြင့် ဒီဇင်ဘာ ၂၃၊ ၂၄ ရက်များ၌ ညနေပိုင်း အချိန်ပိုဆင်းဆောင်ရွက်ပေးခဲ့သည့်အပြင် ရုံးပိတ်ရက် ဒီဇင်ဘာ ၂၆ ရက်တွင် ရုံးသို့ ကြိုတင်လာရောက်တန်းစီ စောင့်ဆိုင်းနေကြသည့် မော်တော်ယာဉ်များ လေး၊ ငါးရာ ခန့်အထိ များပြားနေကြောင်း တွေ့ရှိရသည့်အတွက် ၎င်းနေ့လယ်ပိုင်းမှစတင်၍ ချက်ချင်းရုံးဖွင့်ပြီး ယာဉ် စစ်ဆေးခြင်းလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင်လည်း ယာဉ်စီးရေများပြားသည့်အတွက် ဒီဇင်ဘာ ၂၈၊ ၂၉ ရက် အစိုးရရုံးပိတ်ရက်များကိုပါ အနားမယူဘဲ လက်ခံသက်တမ်းတိုး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မန္တလေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး သုံးရုံးအနေဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် ယာဉ်စီးရေပေါင်း ၁၃၀ဝ နီးပါး၊ ဒီဇင်ဘာ ၂၄ ရက်တွင် ယာဉ်ပေါင်း ၁၂၀ဝ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၆ ရက်တွင် ယာဉ်ပေါင်း ၈၀ဝ ကျော်၊ ဒီဇင်ဘာ ၂၇ ရက် တွင် ၁၃၀ဝ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၈ ရက်တွင် ယာဉ်ပေါင်း ၉၀ဝ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၉ ရက် တွင် ယာဉ်ပေါင်း ၈၀ဝ ကျော် လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်တွင်မူ ယာဉ်စီးရေ ၄၂၈ စီးသာ ရှိသဖြင့် ညနေရုံးချိန်အတွင်း အပြီးသတ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။

 

ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ငါးရုံး၌လည်း ဒီဇင်ဘာ ၁၈ ရက်ဝန်းကျင်မှစ၍ ညနေပိုင်း ဆက်တိုက် အချိန်ပိုအလုပ်ဆင်းဆောင်ရွက်ပေးခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက်၌ ယာဉ်စီးရေအဆမတန် များပြားခဲ့သည့်အတွက် ဒီဇင်ဘာ ၂၈၊ ၂၉ ရက် အစိုးရရုံးပိတ်ရက်များကို အနားမယူဘဲ ယာဉ်များလက်ခံသက်တမ်းတိုး ဆောင်ရွက်ပေးခဲ့သည်။

 

ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ငါးရုံးအနေဖြင့် ဒီဇင်ဘာ ၂၃ ရက် တွင် ယာဉ်ပေါင်း ၄၂၀ဝ ကျော်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ယာဉ်ပေါင်း ၄၁၀ဝ ကျော်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ယာဉ် ပေါင်း ၅၉၀ဝ နီးပါး၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၈ ရက်တွင် ယာဉ်ပေါင်း ၃၇၀ဝ ကျော်၊ ရုံးပိတ်ရက် ဒီဇင်ဘာ ၂၉ ရက် တွင် ယာဉ်ပေါင်း ၁၉၀ဝ နီးပါး လက်ခံဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၃၀ ရက်တွင်မူ ယာဉ်စုစုပေါင်း ၁၄၇၃ စီးသာ လာရောက်ခဲ့သည့်အတွက် နိုင်နိုင်နင်းနင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရုံးချိန်အတွင်း မှတ်ပုံတင်လုပ်ငန်းများအားလုံး ပြီးစီးခဲ့ကြောင်း သိရသည်။

 

ပြည်သူတွေလွယ်ကူအဆင်ပြေစေဖို့

 

“အဓိကကတော့ အခွန်ယဉ်ကျေးမှုမထွန်းကားသေးတဲ့ ပြဿနာပါပဲ။ ကျွန်တော်တို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့က ကိုယ်စီမံခန့်ခွဲကြီးကြပ်ရတဲ့၊ ကိုယ်မှတ်ပုံတင်ထားတဲ့ယာဉ်တွေကို ပိုင်ရှင် အမည်ပေါက်မှန်ကန်စေချင်တာ၊ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေနဲ့ အချိန်ကိုက် အံဝင်ခွင်ကျဖြစ်စေချင်တာဖြစ်ပါတယ်။ ယာဉ်တွေ အမည်ပေါက်မမှန်ရင် ရှေ့မှာ ပြဿနာတွေ အများကြီးရှိတယ်။ ဒါကြောင့် ယာဉ်တိုင်း ပိုင်ရှင်အမည်ပေါက်မှန်အောင် တွန်းအားပေးဆောင်ရွက် နေရတာဖြစ်ပါတယ်။ ဌာနက ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ နေရာမှာ အခွန်ကိစ္စက လာနွှယ်နေတဲ့အနေအထားပါ။ ပိုင်ရှင်အမည် ပေါက်ပြောင်းတာက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လုပ်ထုံးလုပ်နည်းအရ ဘာမှမကုန်ကျပါဘူး။ ငွေကျပ်ငါးထောင်ပဲ သွင်းရတာပါ။ ကျန်တာကတော့ ပြည်တွင်းအခွန်ရဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးတွေမှာက လာရောက်လုပ်ငန်းဆောင်ရွက်တဲ့ ပြည်သူတွေ အဆင်ပြေ သက်သာစေဖို့ အခြားဌာနတွေကို လက်ခံပေးထားရတာ တွေရှိတယ်။ အာမခံရှိတယ်၊ ဘီးခွန်ကောက်တဲ့ စည်ပင်ရှိတယ်၊ ယာဉ်ထိန်းရဲယာဉ်မှု စစ်ရှိတယ်။ နောက် အခု ပြည်တွင်းအခွန်ပေါ့။ ဒီဌာနတွေရဲ့ လုပ်ငန်းတွေပါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအလုပ်မှာ လာဆက်နွှယ်ပတ်သက်နေတဲ့အတွက် လိုသည်ထက် ပိုကြန့်ကြာနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဌာနတွေ ဖြစ်တဲ့အတွက်၊ ပြည်သူတွေ လွယ်ကူအဆင်ပြေစေဖို့အတွက် လက်ခံပူးပေါင်းဆောင်ရွက်ပေး ရမှာပါပဲ။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကိစ္စသက်သက်ဆိုရင် အချိန်တိုအတွင်း သက်သောင့်သက်သာနဲ့ ပြီးစီးအောင် အလေးထားဝန်ဆောင်မှုပေးနေပါတယ်။ ဒါကို ပြည်သူတွေ ခွဲခြားသိမြင်နားလည်စေချင်ပါတယ်” ဟု ဦးသိန်းထွဋ်က ရှင်းလင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများကို ၂၀၁၁ ခုနှစ်မှ စတင်ဖြေလျှော့ ခွင့်ပြုပေးခဲ့ရာ ထိုအချိန်မှစ၍ မော်တော်ယာဉ်စီးရေသည် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာခဲ့ပြီး မော်တော်ယာဉ်စီးရေ တိုးတက်လာသည့်နှင့်အမျှ ယာဉ်ကြောကျပ်တည်းမှုများ၊ ယာဉ်တိုက်ခိုက်မှုများ၊ ယာဉ်တိုက်ခိုက်မှုကြောင့် သေကျေ ပျက်စီးဒဏ်ရာရမှုများလည်း တိုးပွားခံစားလာခဲ့ရခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး မှတ်ပုံတင်ယာဉ်စီးရေသည် ၂၀၁၂ ခုနှစ် နှစ်ဆန်း၌ ၂ ဒသမ ၃ သန်းသာရှိခဲ့ရာမှ ယခု အချိန်တွင် ၇ ဒသမ ၃ သန်းကျော်အထိ ရှစ်နှစ်တာကာလ အတွင်း စုစုပေါင်း သုံးဆကျော် တိုးတက်လာခြင်းဖြစ်သည်။ မှတ်ပုံတင်ယာဉ်စီးရေ သုံးဆကျော် တိုးတက်လာသော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများ၏ အကျယ်အဝန်း၊ အဆောက်အဦနှင့် ဝန်ထမ်း အင်အားမှာ ၂၀၁၁ ခုနှစ် အခြေအနေဝန်းကျင်သာ မပြောင်းမလဲ ရှိနေသဖြင့် ယခုကဲ့သို့ ဝန်နှင့်အားမမျှဖြစ်ရကြောင်း၊ သို့သော် ဌာနနှင့် ဝန်ထမ်းများအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

 

လက်ရှိအခြေအနေတွင် ဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ ပြင်ဆင်တိုးချဲ့နိုင်ရေး တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရေရှည်အတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်း(Vehicle Inspection)ကို ပုဂ္ဂလိကကဏ္ဍမှ လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ပြီးယာဉ်များ၏ ကြံ့ခိုင်မှုကို Multi Stage Test Lane များဖြင့် အသုံးပြု စစ်ဆေးသွားစေမည်ဖြစ်ကြောင်း၊ Vehicle Inspection ကို ပုဂ္ဂလိကကဏ္ဍ လုပ်ကိုင်ခွင့်ပြု နိုင်ရေးအတွက် ယခု ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအတည်ပြုပြီးချိန်တွင် ဆက်လက်ထုတ်ပြန်မည့် နည်းဥပဒေများ၌ ထည့်သွင်းပြဋ္ဌာန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဌာန၏ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေး ခြင်းဆိုင်ရာများကို Online Services ဖြင့် ပြောင်းလဲဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ယာဉ် စစ်ဆေးခြင်း၊ ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် တည်ဆောက်ခြင်း စီမံကိန်းကို KOICA ၏ ထောက်ပံ့ငွေ (ODA Grant) ဖြင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ Record Of Discussion (ROD) ကို မကြာမီ နှစ်ဖက် လက်မှတ်ရေးထိုးရန်ရှိကြောင်း၊ RFID စနစ် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍လည်း Consultant Agency အနေဖြင့် Feasibility Study ဆောင်ရွက်လျက်ရှိပြီး မကြာမီ တင်ဒါလုပ်ငန်းစဉ်များ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်