၂၆ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်နှင့် ရတနာပုံအသင်း သရေကျခဲ့သောကြောင့် ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဟံသာဝတီအသင်းသို့ ထိပ်ဆုံးသို့ ရောက်ရှိလာသည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ MNL ၏ ပြိုင်ဘက်နှစ်သင်း တွေ့ဆုံသည့်ပွဲမှာ အပြန်အလှန်သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ရန်ကုန်အသင်းသည် အိမ်ကွင်း၌ သရေရလဒ်သာရယူနိုင်ခဲ့သောကြောင့် ထိပ်ဆုံးနေရာကို ဟံသာဝတီအသင်းထံ လွှဲပြောင်းပေးခဲ့ရသည်။ ရတနာပုံအသင်းသည် အဓိက ကစားသမား အောင်သူ မပါနိုင်သော်လည်း ပြည်တွင်းကစားသမားများဖြင့် ရန်ကုန်အသင်းကို အကောင်းဆုံးရင်ဆိုင်ကာ သရေတစ်မှတ် ရယူနိုင်ခဲ့သည်။
ရန်ကုန်အသင်းသည် AFC Cup ခြေစစ်ပွဲကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ကာ ကျော်ဇင်ထက်၊ အီမန်နျူရယ်၊ မောင်မောင်ဝင်း၊ သန်းပိုင်၊ မောင်မောင်လွင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ရတနာပုံအသင်းတွင်လည်း အောင်သူမှလွဲ၍ လူစုံပါဝင်ခဲ့ပြီး ရန်ကုန်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင် ရတနာပုံအသင်းက ထိန်းကစားနေသောကြောင့် ရန်ကုန်အသင်း ပိုဖိကစားနိုင်သော်လည်း ကြားရက်တွင် AFC Cup ခြေစစ်ပွဲကို အဝေးကွင်း သွားရောက်ကစားထားရသောကြောင့် ပွဲပန်းနေဖွယ်နေပြီး အကောင်းဆုံးပုံစံပြသနိုင်ခြင်းမရှိခဲ့ပေ။ ရန်ကုန်အသင်း၏ တိုက်စစ်ဆင်မှုများကို ရတနာပုံအသင်းက အကောင်းဆုံး ဟန့်တားနိုင်ခဲ့သောကြောင့် ၃၉ မိနစ်မှ ဂိုးစတင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် အီမန်နျူရယ်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာပြီး ၅၆ မိနစ်တွင် ဇော်ရဲထွန်းက ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး နှစ်ဖက်ကစားသမားများ၏ အချင်းများမှုများကိုလည်း တွေ့မြင်ခဲ့ရသည်။ ၇၄ မိနစ်တွင် ရတနာပုံအသင်း ဦးဆောင်ဂိုးရခဲ့ပြီး မျိုးကိုထွန်းက ပြစ်ဒဏ်ဘောကို ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် မထင်မှတ်ဘဲ ဒုတိယဂိုးထပ်ပေးလိုက်ရသောကြောင့် တိုက်စစ်ပြန်မြင့်လာပြီး ၇၇ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အီမန်နျူရယ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ချေပဂိုးပြန်ရကာ နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။
ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဇွဲကပင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့ပြီး ပွဲပြီးခါနီး ဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို ၈၈ မိနစ်တွင် သီဟဇော်က သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အိမ်ကွင်းပထမဆုံးပွဲတွင် ရခိုင်အသင်း ပုံစံကောင်းပြသခဲ့ပြီး နှစ်ပွဲဆက် အနိုင်ရခဲ့သည်။ ရခိုင်အသင်းအတွက် အနိုင်ဂိုးများကို ၄၄ မိနစ်တွင် တည်ငြိမ်မင်းနှင့် ၅၅ မိနစ်တွင် အောင်သန့်ဇော်တို့က သွင်းယူခဲ့သည်။ အား/ကာသိပ္ပံနှင့် ဇွဲကပင်အသင်းမှာမူ သုံးပွဲဆက် အရေးနိမ့်ခဲ့သည်။
ပွဲစဉ် (၃) အပြီးတွင် ဟံသာဝတီအသင်းက ကိုးမှတ်ဖြင့် ဇယားထိပ်ဆုံးသို့ ရောက်ရှိလာပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ခုနစ်မှတ်စီ၊ ရခိုင်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီ၊ ရတနာပုံအသင်းက ငါးမှတ်၊ စစ်ကိုင်းနှင့် မကွေးအသင်းက လေးမှတ်စီ၊ ချင်းယူနိုက်တက်အသင်းက သုံးမှတ်ရထားပြီး Southern၊ အား/ကာသိပ္ပံနှင့် ဇွဲကပင်အသင်းတို့မှာမူ သုံးပွဲစလုံးအရေးနိမ့်ကာ အမှတ်မရသေးပေ။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်