ရန်ကုန်၊ ၂၉ ဇန်နဝါရီ

ကိုဗစ်-၁၉ ကာလ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)က ပြည်တွင်းခရီးစဥ်များကို ပြန်လည်ပြေးဆွဲလျက်ရှိရာ ယခုတစ်ဖန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ မြန်မာအမျိုးသားလေကြောင်းဖြင့် စီးနင်းလိုက်ပါမည့် ခရီးသွား များအား ၂၅ ရာခိုင်နှုန်း Discount Gift Voucher များကို လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။ 

မြန်မာအမျိုးသားလေကြောင်းမှ ၂၅ ရာခိုင်နှုန်း Discount Voucher များကို ရန်ကုန်နှင့်မန္တလေးရှိ Check in Counter များတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၃) ရက်၌ အရေအတွက်အကန့်အသတ် (ဦးရာလူစနစ်) ဖြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" ဖေဖော်ဝါရီ ၃ ရက်မှာ မြန်မာအမျိုးသားလေကြောင်းနှင့် ရန်ကုန်လေဆိပ်နဲ့ မန္တလေး လေဆိပ်က လိုက်ပါစီးနှင်းမည့် ခရီးသည်တွေကို ဒီ Gift Voucher တွေ ပေးမှာဖြစ်ပါတယ်။ အရေအတွက် ကန့်သတ်ထားပါတယ်။ MNA နဲ့နောက်တစ်ခေါက်ခရီးသွားတဲ့အခါ ဒီ Gift Voucher ပြပြီးလက် မှတ်ဝယ်ရင် ၂၅ ရာခိုင်နှုန်းသက်သာခွင့်ရရှိမှာဖြစ်ပါတယ်"ဟု မြန်မာအမျိုးသားလေကြောင်း မှ ပြောပါသည်။ အဆိုပါ Discount Voucher ကို ရန်ကုန်နှင့်မန္တလေး ခရီးသွားမည့်သူများအတွက်သာ စတင်ပေးခြင်းဖြစ်ကြောင်းသိရသည်။ 

မြန်မာအမျိုးသားလေကြောင်းသည် မကြာသေးမီက ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ လျက်ရှိကြောင်း၊ ကိုဗစ် ၁၉ မဖြစ်မီက မြို့ကြီး (၂၉) မြို့သို့ပျံသန်းပြေးဆွဲလျက်ရှိပြီး ယခုအခါ ခရီးသည်အခြေအနေများအပေါ်မူတည်၍ ပြည်တွင်းခရီးစဥ်များပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

အာကာစိုး