နေပြည်တော် ၂၉ မေ
ရန်ကုန်နည်းပညာတက္ကသိုလ်သည် ဉရောပသမဂ္ဂ Erasmus + Capacity building in Higher Education Program ရန်ပုံငွေ အထောက်အပံ့ဖြင့် ဖင်လန်နိုင်ငံ မှ Alto University ၊ နယ်သာလန်နိုင်ငံမှ Eindhoven University of Technology ၊ စလိုဗေးနီးယားနိုင်ငံမှ University of Ljubljana ၊ မြန်မာနိုင်ငံမှ မန္တလေးနည်းပညာတက္ကသိုလ်၊ ဗီယက်နမ်နိုင်ငံမှ Ho Chi Minh City University of Technology, Eastern International University, Vietnamese German University, TRUONG DAI HOC THU DAU MOT University တို့ ပူးပေါင်း၍ “Developing Energy Efficient and Smart Lighting Education in Vietnam & Myanmar (DESL)” သုတေသနစီမံကိန်းအား ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သုတေသန စီမံကိန်းသည် (၃)နှစ်တာ ကြာမြင့်မည်ဖြစ်ပြီး တိုင်းပြည်၏ စွမ်းအင်လုံလောက်မှုနှင့် အရည်အသွေးမြင့်မားသော မီးအလင်းပေး စနစ် အလေ့အကျင့်ကောင်းများဖွံ့ဖြိုးမှုနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင် ရန် အဓိကရည်ရွယ်ခြင်းဖြစ်သည်။
စီမံကိန်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ အဖွဲ့ဝင်တက္ကသိုလ်များ၏ Energy Efficient and Smart Lighting System ပညာရေးနားလည်လွယ်မှုနှင့် အရည်အသွေးမြင့်မားမှုအတွက် သင်ကြားရေးနှင့်သုတေသနများ ဆောင်ရွက်ရန် ဆရာ၊ ဆရာမများအား ဖင်လန် ၊ နယ်သာလန် ၊ ဗီယက်နမ်နှင့် စလိုဗေးနီးယားနိုင်ငံများတွင် စွမ်းဆောင်ရည်မြင့်သင်တန်းများ ပေးအပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ သုတေသနများ ပူးပေါင်း ဆောင်ရွက်ခြင်း၊ လက်ရှိလိုအပ်ချက်ပေါ်မူတည်၍ လုပ်ငန်းခွင်နှင့်ဆက်စပ်သော လျှပ်စစ်စွမ်းအင်ဆိုင်ရာ သင်ရိုး ညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲခြင်း၊ သင်ကြားရေးအထောက်အကူပြု ဓာတ်ခွဲခန်းသုံးပစ္စည်းများ ထောက်ပံ့ တပ်ဆင်ခြင်းနှင့် အဖွဲ့ဝင်တက္ကသိုလ်များကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း စသောလုပ်ငန်း စဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


