ရှင်နော်၊ ဓာတ်ပုံ - ထိန်လင်း
ဇူလိုင်လအတွင်းက တစ်ရက်သော ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်။ အစိုးမရသော ရန်ကုန်မိုးက တဖွဲဖွဲ ရွာသွန်းနေသည်။ ပုံမှန်ကျင်းပနေကျဖြစ်သော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ သတင်းစာရှင်းလင်းပွဲမှအပြန် ကျိုက္ကဆံကွင်းအနီး မှတ်တိုင်တစ်ခုတွင်ဖြစ်သည်။ ကားမှတ်တိုင်တွင် လူရှင်းနေသည်။ မှတ်တိုင်တွင် ခဏထိုင်မည်ဟူ သောဆုံးဖြတ်ချက်ကြောင့် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းမိသည်။ ကားမှတ်တိုင်အမိုးအောက် မရောက်တရောက်တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် လှမ်းနေဆဲခြေလှမ်းတို့ တုံ့ဆိုင်း သွားသည်။
စာရေးသူနှင့် အပြိုင်မောင်းနှင်ဝင်ရောက်လာသော ကားလေးအတွင်းမှ အသက်အားဖြင့် ၂၀ ဝန်းကျင်ခန့်ရှိ လူငယ်တစ်ဦး ကားအတွင်းမှ ထွက်လာပြီး မှတ်တိုင်ဧရိယာအတွင်း သတိပေး ဆိုင်းဘုတ်ပြားများကို အများမြင်သာအောင် ချထားလိုက်သည်။ ထို့နောက် ကားငယ်အတွင်းမှ တံမြက်စည်း၊ ရေပုံးအစရှိသော သန့်ရှင်းရေး လုပ်ငန်းသုံးပစ္စည်းများကို ထုတ်ယူနေသည်။ ထို့နောက် မှတ်တိုင်ဧရိယာတွင် သန့်ရှင်းရေး လုပ်ငန်းများကို စတင်လုပ်ဆောင်သည်။ လုပ်ဆောင်ချိန်က ၁၀ မိနစ်သာသာခန့်ရှိမည်။ စနစ်တကျလေ့ကျင့်ထား၍ နေရာလွတ်မကျန် သန့်ရှင်းရေးကို ပိပိရိရိလုပ်ဆောင်သွားသည်။ မနေနိုင်လွန်း၍ သွားမေးမိသည်။ မှတ်တိုင်အရေအတွက်၊ လမ်းအလိုက် တာဝန်ချထားကြောင်း သိရ သည်။
မှတ်တိုင်ပြုလုပ်ရန် ဧရိယာသတ်မှတ်ထား
တစ်ချိန်က ကွမ်းတံတွေးများ၊ အမှိုက်များ၊ မကောင်းသောအနံ့အသက်တို့ ဖုံးလွှမ်းနေသော မှတ်တိုင်များသည် သစ်လွင်သောဆေးရောင်၊ ထိုင်ချင်စဖွယ် ခုံတန်းလျားနှင့် ညအချိန်မီးအလင်း ရောင်တို့ပါဝင်သော ခေတ်မီဘတ်စ်ကားမှတ်တိုင်များအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ အရပ်တကာ၊ လူတကာတို့၏ အမျိုးမျိုးသောကြော်ငြာ ကပ်ခြင်းမှ ကင်းဝေးသော မှတ်တိုင်များအဖြစ် ရပ်တည်နိုင်ပြီဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင်များ နေရာတကျ ပေါ်ပေါက်လာသည့်နည်းတူ ယာဉ်မောင်းကြီးများ၏ စည်းကမ်းကျန ပြတ်သားသော စကားသံများကိုလည်း စတင်ကြားစပြုကြရသည်။ “နောက်တစ်ခါ မီးပွိုင့်နားမှာ ရပ်မှာ မဟုတ်တော့ဘူး။ စီးချင်ရင် မှတ်တိုင်က လာစောင့်စီးကြပါ” ဟူ၍ဖြစ်သည်။ လှည်းတန်းမီးပွိုင့်ကဲ့သို့ မီးနီချိန်ကြာမြင့်၍ ယာဉ်တန်းရှည်သောနေရာများပင်လျှင် မီးပွိုင့်ဧရိယာအတွင်း အတက်အဆင်း ပြုလုပ်ခြင်းကို အချို့သော ယာဉ်မောင်းကြီးများက တားမြစ်ကြသည်။ သို့သော် အင်းစိန်မှ ရန်ကုန် မြို့လယ်ကောင်သို့အသွား လှည်းတန်းတွင်ယခု အချိန်အထိ မှတ်တိုင်မရှိသေး။ သက်ဆိုင်ရာမှ မှတ်တိုင်ပြုလုပ်ရန် ဧရိယာ သတ်မှတ်ထားသော်လည်း အကောင်အထည်ဖော်ရန် နှောင့်နှေးနေဆဲ ရှိသေးသည်။
အကူးအပြောင်းကာလ
မထသမှ ဝိုင်ဘီအက်စ် အကူးအပြောင်းကာလတွင် လမ်းညွှန်ဆိုင်းဘုတ်များမှာ လွန်စွာအရေး ပါခဲ့သည်။ ရန်ကုန်နေလူတန်းစား အသီးသီးတို့က လမ်းညွှန်ဆိုင်းဘုတ်ရှိ ယာဉ်လိုင်းနံပါတ်များကို ကြည့်၍ လိုရာခရီးကို ဆက်ခဲ့ကြရသည်။ ယခုအခါ အချို့သောလမ်းညွှန်ဆိုင်းဘုတ်တို့မှာ ပျက်စီးခြင်းများရှိသလို လေလွင့်ပျောက်ဆုံးခြင်းများလည်း ရှိခဲ့သည်။ ထို့အတူ အသစ်သစ် ပေါ်ပေါက်လာသော ယာဉ်လိုင်းများ၊ ပြောင်းလဲပြေးဆွဲသော ယာဉ်လိုင်းများကြောင့် လမ်းညွှန်ဆိုင်းဘုတ်များကို ယနေ့ပြေးဆွဲနေသည့် ယာဉ်လိုင်းနံပါတ်များ ပါဝင်သည့် ဆိုင်းဘုတ်များအဖြစ် ပြောင်းလဲသင့်သည်။
ခရီးသည်များ ဒုက္ခရောက်
ဤနေရာတွင် အလျဉ်းသင့်၍ ကုမ္ပဏီပိုင် ယာဉ်ကြီးများနှင့် အစုအဖွဲ့ပိုင်ယာဉ်လိုင်းများ အကြောင်းကို အနည်းငယ်ပြောကြားလိုပါသည်။ လူထုမိတ်ဆွေ၊ Omni Focus အစရှိသော ယာဉ်လိုင်းကြီးများတွင် ခရီးသည်များအတွက် ဆင်းမည့်မှတ်တိုင် ကြေညာပေးခြင်း၊ မှတ်တိုင် အရောက်ရပ်တန့်ပေးခြင်း စသောဝန်ဆောင်မှုများ ပါဝင်သလို အချို့သော ယာဉ်အိုယာဉ်ဟောင်းများတွင် ရပ်မည့်မှတ်တိုင်မသိရသည့် အတွက်ကြောင့် ရံဖန်ရံခါ သွားရောက်ရသော နေရာများအတွက် ခရီးသည်များ ဒုက္ခရောက်ကြရသည်။
တင်ဒါအောင်မြင်
လွန်ခဲ့သော သီတင်းပတ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၌ ပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲ၌ တာဝန်ရှိသူတစ်ဦးက ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း မှတ်တိုင်များနှင့် ပတ်သက်၍ “ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ဇုန်သုံးဇုန်ခွဲခြားပြီးတော့ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပါတယ်။ မြို့တွင်း ခြောက်မြို့နယ်အပါအဝင် ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း မြို့နယ်များပါတဲ့ ဇုန်ကိုတော့ FMI Decaux ကုမ္ပဏီကနေ တင်ဒါအောင်မြင်ခဲ့ပါတယ်။ သူတို့နဲ့ဆောင်ရွက်မယ့် ဘတ်စ်ကား မှတ်တိုင်အရေအတွက်က ၅၀ဝ ဖြစ်ပြီးတော့ အခုဆိုရင် ၂၇၀ ကျော် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ဒုတိယဇုန်ဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ မြို့နယ်များပါတဲ့ ဇုန်ကိုတော့ ဂါးနစ်ကုမ္ပဏီနဲ့ ကျွန်တော်တို့ တင်ဒါအောင်မြင်ထားပါတယ်။ သူနဲ့ ဆိုရင်တော့ ကျွန်တော်တို့က ဘတ်စ်ကားမှတ်တိုင် ၂၅၀ ဆောင်ရွက်မှာဖြစ်ပြီးတော့ အခုဆိုရင် လှိုင်သာယာမြို့နယ်မှာ ဘတ်စ်ကားမှတ်တိုင်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နောက်ကျန်တဲ့ ဒဂုံ(အရှေ့- ဆိပ်ကမ်း) ဒေါပုံ၊ သာကေတ၊ ဒဂုံ (တောင်-မြောက်) ပါဝင်တဲ့ ဇုန်အတွက်ကို ဇင်းနစ်ပါဝါကုမ္ပဏီနဲ့ တင်ဒါအောင်မြင်ထားပါတယ်။ သူနဲ့ကတော့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ဖို့ အတွက် စာချုပ်ပြင်ဆင်လျက်ရှိပါတယ်။ သူနဲ့ ဆောင်ရွက်မယ့် အရေအတွက်ကတော့ မှတ်တိုင် ပေါင်း ၄၀ဝ ကျော်ခန့် ဖြစ်ပါတယ်။
ကျန်တဲ့မှတ်တိုင်တွေ အနေနဲ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ မှတ်တိုင်ပေါင်း ၁၈၅၀ ခန့် ရှိပါ တယ်”ဟု ပြောခဲ့သည်။
စောင့်ကြည့်ထိန်းသိမ်းရမည်
ထူးသဖြင့် တာဝန်ရှိသူများဘက်မှ မှတ်တိုင်ဧရိယာအတွင်း ဈေးဗန်းခင်းရောင်းချခြင်း၊ လဲလျောင်းအိပ်စက်ခြင်း စသော အများပြည်သူအတွက် အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များအတွက် စစ်ဆေးအရေးယူသင့်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့်ဆောက်လုပ်မည့် မှတ်တိုင်ပေါင်းထောင်ကျော်ရှိရာ အဆိုပါမှတ်တိုင်များ မပျက်စီးမပျောက်ပျက်ရေး၊ ရေရှည်တည်တံ့ရေးနှင့် သန့်ရှင်းသပ်ရပ်စွာ အသုံးချနိုင်ရေးတို့သည် ကုမ္ပဏီအဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်သကဲ့သို့ အစိုးရအဖွဲ့အစည်း တစ်ခုတည်း၏ တာဝန်လည်းမဟုတ်ဘဲ မြို့တော်နေ ပြည်သူပြည်သားအားလုံး၏ အထူးဂရုတစိုက် စောင့်ကြည့်ထိန်းသိမ်းရမည် တာဝန်တစ်ရပ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
မြန်မာ့အလင်း