ရန်ကုန် ၁၇ ဇူလိုင် 

 


ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ ရေယာဉ်ဆိပ်တွင် ပွင့်လင်းရာသီ၌ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဒလမြို့နယ်နှင့် ဆက်စပ်မြို့နယ်များသို့ လည်ပတ်သွားလာကြပြီး မိုးရာသီကာလ၌ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လိုက်ပါစီးနင်းမှုမှာ နည်းပါးလျက်ရှိကြောင်း သိရသည်။

 


ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်း၌ အသွားအပြန် တစ်နေ့လျှင် (၄၆)ခေါက်နှုန်းဖြင့် နံနက် ၅ နာရီခွဲမှ ည ၉ နာရီခွဲထိ နေ့စဉ် ခရီးသည်ပြည်သူ  (၂၆၀ဝ၀) ကျော်ကို ပို့ဆောင်ပေးလျက်ရှိသည်။ ရေယာဉ်စီးခအနေဖြင့် လူတစ်ဦးလျှင် ဝင်ကြေးငွေ (၁၀ဝ) ကျပ်နှုန်းဖြင့် ကောက်ခံ၍ သံဃာတော်များနှင့် သီလရှင်များကို အခမဲ့ဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး နိုင်ငံခြားသားတစ်ဦးလျှင် ခရီးသည်ခအနေဖြင့် အသွားအပြန် ငွေကျပ် (၄၀ဝ၀) နှုန်းဖြင့် သတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။  

 


အဆိုပါ ရေကြောင်းလိုင်းသို့ နိုင်ငံခြားသားများ လာရောက်လည်ပတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ၄၂၁၁ ဦး၊ ဖေဖော်ဝါရီလတွင် ၃၉၂၀ ဦး၊ မတ်လတွင် ၃၉၃၈ ဦး၊  ဧပြီလတွင် ၂၃၃၃ ဦး၊ မေလတွင် ၂၄၆၇ ဦး၊ ဇွန်လတွင် ၁၆၀ဝ ဦး စီးနင်းလိုက်ပါလျက်ရှိပြီး မိုးရာသီကာလ၌ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လိုက်ပါစီးနင်းမှု နည်းပါးသော်လည်း ခရီးသွားရာသီဖြစ်သည့် ပွင့်လင်းကာလ၌ ဝင်ရောက်လည်ပတ် မှုများပြားလျက်ရှိကြောင်း သိရသည်။

 


နိုင်လင်းကျော်(ဒလ)