ရန်ကုန်၊   ၉   ဖေဖော်ဝါရီ 

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူ များစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ချယ်ရီရေယာဉ် ၃ စင်းဖြင့် နေ့စဉ် ကူးတို့ပို့ဆောင်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ခရီးသည်များ သွားလာမှုနည်းပါးခြင်းနှင့်  ည ၈ နာရီမှ  နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားခြင်းတို့ကြောင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေချော်မွေ့စွာသွားလာနိုင်ရေးအတွက်  ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် စတင်ပြီး သင်္ဘောခရီးစဉ်များကို နံနက် ၅ နာရီခွဲမှ စတင်ပြီး ည ၇ နာရီ နောက်ဆုံး အချိန်ထိသာ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း  ပြည်တွင်းရေးကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

“ဒီနေ့က စတင်ပြီးတော့ သင်္ဘောပြေးဆွဲမယ့် အချိန်အနေနဲ့ ဒလဘက်က နံနက် ၅ နာရီခွဲမှ စပြီး  ည ၆ နာရီ ၄၀ မိနစ်က နောက်ဆုံးခေါက်ဖြစ်သွားမယ်၊ ပန်းဆိုးတန်းဘက်က  နံနက် ၆ နာရီမှ စပြီး ည ၇ နာရီအထိ နောက်ဆုံးခေါက် ဖြစ်သွားမယ်၊ အဲ့ဒီအချိန်နဲ့ ပြောင်းလဲပြေးဆွဲပေးသွားမှာပါ၊  မူလပြေးဆွဲနေတဲ့ သင်္ဘောခရီးစဉ် အသွား ၃၈ ခေါက် ၊ အပြန် ၃၈ ခေါက် ကနေ အသွား ၃၅ ခေါက်၊ အပြန် ၃၅ ခေါက်နှုန်းနဲ့ ပြေးဆွဲမှာပါ၊  ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် ခရီးစဉ်ကို အချိန်လျော့ပြီးတော့ ပြေးဆွဲရတဲ့အခြေအနေဖြစ်လို့ ခရီးသွားမိဘ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေဖို့အတွက် ရေယာဉ်ခရီးစဉ် အချိန်ကို ပြောင်းလဲပြေးဆွဲပေးတာဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင် က ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ)ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှုအနေဖြင့်  ဖေဖော်ဝါရီ ၁ ရက်နေ့ တွင်   ခရီးသည်  ၁၂၃၆၂ ဦး၊   ၂ ရက်နေ့တွင်  ခရီးသည် ၉၁၉၀ ဦး၊  ၃ ရက်နေ့တွင်  ခရီးသည်  ၈၆၇၈ ဦး၊  ၄ ရက်နေ့ တွင် ခရီးသည် ၉၀၂၆ ဦး၊ ၅ ရက်နေ့တွင်  ခရီးသည် ၉၁၁၇ ဦး၊ ၆ ရက်နေ့တွင် ခရီးသည် ၅၂၅၃ ဦး၊ ၇ ရက်နေ့တွင်  ခရီးသည် ၅၅၁၇ ဦး၊ ၈ ရက်နေ့တွင် ခရီးသည် ၈၉၀၂ ဦး တို့သာ ကူးသန်းသွားလာလျက်ရှိကြောင်း၊ ခရီးသည်သွားလာမှုလျော့နည်းသွားကြောင်း၊ ရန်ကုန်(ပန်းဆိုးတန်း) သင်္ဘောဆိပ်ကမ်း လက်မှတ်ရုံမှ သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ သင်္ဘောဆိပ်ကမ်း၌  အစိုးရရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီ အထိ အသွား ၃၅ ခေါက်၊ အပြန် ၃၅ ခေါက်နှုန်းဖြင့် လည်းကောင်း၊ စနေနှင့် တနဂငေ်္နွ ရုံးပိတ်ရက်များတွင် နံနက် ၆ နာရီမှ ည ၇ နာရီ အထိ အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် သင်္ဘောခရီးစဉ်များကို အချိန်ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)