ရန်ကုန်  ၃၀   မေ

 

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများနှင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းနှင့် အထွေထွေလုပ်သားပြည်သူများစွာ တို့ကို  စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့  နေ့စဉ်ကူးတို့ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုပင်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း ဧပြီလမှ စတင်ပြီး မေလ အထိ ခေါက်ရေလျှော့ချ ပြေးဆွဲခဲ့ရသည့် သင်္ဘောခရီးစဉ်များကို ဇွန်လ ၁ ရက် နေ့မှ စတင်ပြီး ယခင်ပုံမှန်ပြေးဆွဲနေသော ခရီးစဉ်အတိုင်း အသွား(၄၆)ခေါက်၊ အပြန်(၄၆)ခေါက်နှုန်းဖြင့် ခရီးသည်များ သွားလာမှုအဆင်ပြေစေရေးအတွက်  ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရှိရသည်။

 

“ယခင်လထက် ခရီးသည် သွားလာမှုများလာတယ်၊  ဒီသင်္ဘောဆိပ်ကမ်းက ရန်ကုန်မြို့ကို ဝင်ပေါက် တစ်ခုဖြစ်လို့ လူစည်းကားတဲ့ နေရာတစ်ခုလည်းဖြစ်တယ်၊  မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အချိန်ကစပြီး၊ သင်္ဘောခရီးစဉ်တွေကို ခေါက်ရေလျော့ပြီး ပြေးဆွဲခဲ့တယ်၊ သင်္ကနြ်ကာလကစပြီးတော့ ခရီးသည်သွားလာမှုက ပုံမှန်မဖြစ်တော့ဘူး၊ မေလ ဒုတိယအပတ်က စပြီး တဖြည်းဖြည်း သွားလာမှုများလာတယ်၊  မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ  ခရီးသည် ၁၄၀ဝ၀ ကျော် ၁၅၀ဝ၀ ဝန်းကျင်လောက် သွားလာခဲ့တယ်၊  အဲဒါကြောင့် ယခင်သွားနေကြ သင်္ဘောခရီးစဉ်အတိုင်း (၄၆)ခေါက်နှုန်းကို ဇွန်လ ၁ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်၊ ခေါက်ရေကို တိုးလိုက်တဲ့အတွက် အရင်လို ခရီးသည်စောင့်ရတာမျိုး၊ ကြန့်ကြာတာ မျိုးမရှိတော့ဘူး၊ ခရီးသည်တွေလည်း  ကြပ်မနေတော့ဘူး အဆင်ပြေသွားမှာဖြစ်ပါတယ်” ဟု ရန်ကုန် (ပန်းဆိုးတန်း ဆိပ်ကမ်း) မန်နေဂျာ ဒေါ်ခင်ခင်နု က ယနေ့နံနက်က ပြောကြားခဲ့သည်။

 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့်  အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားပြည်သူများစွာတို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက် နေရာတစ်ခုဖြစ်သည့်  ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောကူးတို့ ရေယာဉ်ဆိပ်၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ချယ်ရီရေယာဉ်သင်္ဘော(၃)စီးဖြင့် ကူးတို့ပြေးဆွဲပေးလျက်ရှိရာ ဧပြီလနှင့် မေလအထိ ခရီးသည် နည်းပါးခြင်းတို့ကြောင့်  သင်္ဘောခရီးစဉ်များကို ခေါက်ရေလျော့ ပြေးဆွဲခဲ့ရပြီး ခရီးသည် စီးနင်းလိုက်ပါမှု များလာသည့် အတွက် ဇွန်လ တစ်ရက်နေ့မှ စတင်၍ ယခင်ပြေးဆွဲနေကြ အခေါက်ရေအတိုင်းပြန်လည် ပြေးဆွဲပေးခြင်းဖြစ်ကြောင်းသိရသည်။

 

ထို့အတူ ရန်ကုန် ဝါးတန်း(ကီလီ)မှ ဒလကားကူးဇက်လမ်းတို့သို့ ပြေးဆွဲနေသော ဇက်ရေယာဉ်များအနေဖြင့် ခရီးသည်၊ မော်တော်ယာဉ်များနှင့် ကုန်စည်အမျိုးမျိုးကို နေ့စဉ် နံနက် ၆ နာရီမှ စတင်ပြီး ည ၇ နာရီခွဲအချိန်ထိ သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်သလို  ရန်ကုန်(ပန်ဆိုးတန်း-ဒလ)ကူးတို့ရေယာဉ်ဆိပ်ကမ်း၌ နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၉ နာရီအချိန်ထိ ကူးတို့ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)