ရန်ကုန်   ၆   အောက်တိုဘာ

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်၊ အနယ်နယ် အရပ်ရပ် က ခရီးသွားမိဘပြည်သူများစွာတို့ကို  စီးပွားရေးမြို့တော်  ရန်ကုန်မြို့သို့  ချယ်ရီသင်္ဘော(၃)စင်းဖြင့် နေ့စဉ် ကူးတို့ ပို့ဆောင်ပေးလျက်ရှိသလို ရန်ကုန်ဝါးတန်း(ကီလီ)မှ ဒလ ကားကူးဇက်ယာဉ်လမ်း၌ ကုန်စည်နှင့် မော်တော်ယာဉ် များကို သယ်ယူပို့ဆောင်ပေးလျက်ရှိရာ  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပိုးတွေ့လူနာများပြားလာခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ်တွင် နေထိုင်ရေး (Stay at Home) ကြေညာလိုက်ပြီးနောက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူ နည်းပါးလာပြီး သင်္ဘောခရီးစဉ်များနှင့် ကားကူးဇက်ယာဉ်ကူးတို့လမ်းတို့၌  ပုံမှန်ခေါက်ရေထက်လျှော့ချပြီး ခရီးသည် သွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်များပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် ခရီးသည်နှင့် မော်တော်ယာဉ် သွားလာမှု အခြေအနေပေါ်မူတည်ပြီး ရပ်နားခြင်းမရှိဘဲ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း၊  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) မှ  သိရသည်။

 

အဆိုပါ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ကာလများက အနယ်နယ် အရပ်ရပ်က   ခရီးသွားမိဘပြည်သူ ၃၀၀၀၀ ကျော်ကို နေ့စဉ် ချယ်ရီသင်္ဘော(၃)စင်းဖြင့် အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ခရီးသည်သွားလာမှု နည်းပါးခြင်း၊ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ခရီးသွားလာခြင်း ကန့်သတ်ထားခြင်းနှင့်  ဝန်ထမ်းများကို နှစ်ပတ်ရုံးတက်၊ နှစ်ပတ် နေအိမ်မှာ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားခြင်းကြောင့် သင်္ဘောခရီးစဉ်များကို လျော့ချပြေးဆွဲပေးခဲ့ပြီး လက်ရှိအချိန်တွင် အစိုးရ ရုံးဖွင့်ရက်များ၌ အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်ဖြင့် ပြေးဆွဲခြင်း၊  ရုံးပိတ်ရက်များတွင် အသွား ၁၂ ခေါက်၊ အပြန် ၁၂ ခေါက်ဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ နေ့စဉ် ခရီးသည် ၆၀၀ ကျော်ခန့်သာ ကူးသန်းသွားလာကြပြီး  ခရီးသည် သိသိသာသာ လျော့နည်းသွားကြောင်း ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်း လက်မှတ်ရုံရှိ မန်နေဂျာ ဒေါ်တီတီမြင့်ထံမှ သိရသည်။

 

ထို့အတူ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) အနေဖြင့် ရန်ကုန် ဝါးတန်း(ကီလီ) မှ ဒလ သွားသော ကားကူးဇက်ယာဉ်လမ်း၌  ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း တစ်ရက်လျှင် ကားကူးဇက် ၇ ခေါက်နှုန်းဖြင့် ကုန်စည် တန် ၁၂ တန်၊ ယာဉ်အစီးရေ ၈၀ ခန့် သွားလာလျက်ရှိကြောင်း၊ ယခင် ရောဂါမဖြစ်ပွားမီ ကာလက တစ်ရက်လျှင် ခရီးသည်၊ ကုန်စည် အပါအဝင် မော်တော်ယာဉ်အစီးရေ ၆၀၀ နီးပါးခန့် သွားလာမှုရှိခဲ့ကြောင်း၊ ယခုအခါ အစားအသောက်များ သယ်ယူပို့ဆောင်သည့် ဈေးကားများ၊ အိမ်စီးကားများနှင့် အရေးပေါ်ကားများသာ ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)