ရန်ကုန် ၂၆  ဒီဇင်ဘာ

 

ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်များအား ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် အဆင့်မြင့် ချယ်ရီရေယာဉ် သင်္ဘော(၃) စီးဖြင့် အသွား၊ အပြန် ပြေးဆွဲပေးလျက်ရှိရာ နေ့စဉ် ခရီးသည် ပြည်သူ (၃၀ဝ၀ဝ) ခန့် ပို့ဆောင်ပေးလျက်ရှိပြီး ပွင့်လင်းကာလ၌ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားများ စီးနင်းမှု များပြားလျက်ရှိကြောင်း သိရသည်။  

 

58

 

နံနက်(၅)နာရီ မှ ည(၉)နာရီခွဲထိ နေ့စဉ် အခေါက်ရေ (၄၆) ခေါက်ဖြင့် ခရီးသည်များနှင့် ကုန်စည်များကို ပို့ဆောင်ပေးလျက်ရှိပြီး နေ့ထူးနေ့မြတ်များနှင့် ရုံးပိတ်ရက်ရှည် ကာလများတွင် ခရီးသည်များ လိုက်ပါစီးနင်းမှု များပြားခြင်းကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)၏ ဝင်ငွေအကောင်းဆုံး ကူးတို့ဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။

 

89

 

ပွင့်လင်းရာသီမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်စီးနင်းလိုက်ပါမှု ပိုများတယ်၊  ခရီးသွားအများစုက ဒလမြို့တွင်းကို လည်ပတ်လေ့လာကြတယ်။   ရပ်နီးရပ်ဝေးက ပြည်သူတွေနဲ့ ခရီးသွား ပြည်သူတွေ သွားလာရေး အဆင်ပြေအောင် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းမှ ချယ်ရီသင်္ဘောများနဲ့ အသွား၊ အပြန် (၄၆) ခေါက်နှုန်း ပို့ဆောင်ပေးလျက်ရှိတယ်။ နေ့စဉ်ခရီးသည် (၃၀ဝ၀ဝ)နီးပါးခန့် လိုက်ပါစီးနင်းကြတယ်။ ခရီးသည်များ အဆင်ပြေချောမွေ့စေရေး၊ ဘေးကင်း လုံခြုံရေးကို သင်္ဘောဝန်ထမ်းများနဲ့ ဒလ/ပန်းဆိုးတန်း ဆိပ်ကမ်းတွေမှာရှိတဲ့ ဝန်ထမ်းများက အနီးကပ် ကြပ်မတ်ပြီး ဆောင်ရွက်ပေးလျက်ရှိလို့ ခရီးသည်များအတွက် အဆင်ပြေစေပါတယ် ” ဟု ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နုက ပြောသည်။

 

ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်ဆိပ်၌ ခရီးသွားရာသီပွင့်လင်းကာလ၌ ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ ဒလမြို့နယ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားလာလည်ပတ်မှု ပို၍ များပြားလျက်ရှိကြောင်း သိရသည်။

 

65

 

ဒလမြို့နယ်အတွင်း နိုင်ငံခြားသားများ လာရောက်လည်ပတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ၄၂၁၁ ဦး၊ ဖေဖော်ဝါရီလတွင် ၃၉၂၀ ဦး၊ မတ်လတွင် ၃၉၃၈ ဦး၊ ဧပြီလတွင် ၂၃၃၃ ဦး၊ မေလတွင် ၂၄၆၇ ဦး၊ ဇွန်လတွင် ၁၆၀ဝ ဦး၊ ဇူလိုင်လတွင် ၂၈၈၁ ဦး၊ သြဂုတ်လတွင် ၃၂၁၈ ဦး၊ စက်တင်ဘာလတွင် ၁၅၀၆ ဦး၊ အောက်တိုဘာလတွင် ၂၁၂၂ ဦး၊ နိုဝင်ဘာလတွင် ၃၄၇၂  ဦး၊ ယခု ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ၂၀၇၅ ဦး၊ စုစုပေါင်း (၃၃၇၄၃) ဦး   စီးနင်းလိုက်ပါပြီး ပွင့်လင်းရာသီ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှု များပြားကြောင်း ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာထံမှ သိရသည်။

 

68

 

ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ပြေးဆွဲနေသည့် ချယ်ရီ (၁)၊ ချယ်ရီ (၂)၊ ချယ်ရီ (၃) အမည်ရှိ ရေယာဉ်သုံးစင်းဖြင့်  ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရီးသွားပြည်များ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပြီး ရန်ကုန်မြို့သို့ ဝင်ပေါက်၊ ထွက်ပေါက်အဖြစ် ကူးလူးသွားလာလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။ထို့အတူ ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်သို့ နိုင်ငံခြားသားများ ဝင်ရောက်လည်ပတ်မှု များပြားခြင်းကြောင့် ခရီးသွားကဏ္ဍလုပ်ငန်းများကို မြှင့်တင်ပေးနိုင်ပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

 

8

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကြီးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး တံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မြို့တွင်းသို့ မိနစ်ပိုင်းအတွင်း ဖြတ်သန်း သွားလာနိုင်မည်ဖြစ်သည်။

 

8520963.

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)