ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဖောင်ကြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံတို့တွင် အလှည့်ကျ တာဝန်ထမ်းဆောင်နေကြသော ခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ဖောင်ကြီးပြည်သူ့ဝန်ထမ်းကျောင်း ကိုဗစ်-၁၉ရောဂါ ကုသရေးဆေးရုံ ကြက်ခြေနီသူနာပြုရုံးခန်း၌ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်ရေးကော်မတီအနေဖြင့် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးဆက်နေသူများကို ကုသပေးနေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဖောင်ကြီး ကိုဗစ်-၁၉ရောဂါ ကုသရေးဆေးရုံတို့တွင် နေ့မအားညမနားပြည်သူများအား စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ကူညီရန်နှင့် တပ်ဖွဲ့ဝင်များ ရှေးဦးပြုစုခြင်းနှင့် ကုသရေးပညာများရရှိစေရန်ရည်ရွယ်၍ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို တစ်လလျှင်တစ်ကြိမ်စီ အလှည့်ကြတာဝန်ထမ်းဆောင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ ယခုလတွင် တာဝန်ကြသည့် မှော်ဘီမြို့နယ်မှ သူနာပြုတပ်ဖွဲ့ဝင်(၃)ဦး၊ တိုက်ကြီးမြို့နယ်မှ သူနာပြုတပ်ဖွဲ့ဝင်(၃)ဦးတို့ကို တာဝန်ထမ်းဆောင်နေစဉ် အထောက်အပံ့ဖြစ်စေရန် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်” ဟု မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဆန်းက ပြောပြသည်။
ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေဆန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးထိန်လင်း၊ ဒုခရိုင်မှူးအောင်ကိုဝင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများဖြစ်သည့် (၁၆) ပြည်ပါ ဆန်တစ်အိတ်စီနှင့် အသင့်စားနိုင်သည့် ယမ်ယမ်ခေါက်ဆွဲတို့ကို ပေးအပ်ခဲ့သည်။ ယင်းနောက် တစ်လကြာတာဝန်ထမ်းဆောင်ပြီး မိခင်ဌာနသို့ ပြန်လာကြသည့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မိမိမြို့နယ်များအတွင်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား မိသားစုဝင်များကဲ့သို့ ကူညီပြုစုစောင့်ရှောက်နေကြသည့် အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် လှိုင်သာယာမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့အား (၁၆) ပြည်ပါ ဆန်တစ်အိတ်နှင့် ဓာတ်ဆားထုပ် တစ်ဖာတို့ကို ဂုဏ်ပြုလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)


