ဝေယံဦး

လူ နေထိုင်မှု တဖြည်းဖြည်းတိုးပွားလာတဲ့ ရန်ကုန် မြို့ဟာ လူဦးရေသိပ်သည်းလာတာနဲ့အမျှ နေ့စဉ် လူမှုဘဝနေထိုင်ရှင်သန်ဖို့အတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်တဲ့ သောက်သုံးရေလုံလောက် စွာရရှိရေးဟာလည်း မရှိမဖြစ်လိုအပ်လာပါတယ်။ ဒီလိုအပ်ချက်ကိုလည်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီက စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်တဲ့ အခုအခါဆိုရင် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို အကောင်အထည်ဖော် လုပ်ကိုင်နေပါတယ်။ ဒီစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ JICA တို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ် မေ ၅ ရက်က စတင်ကာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

“လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းဟာ လဂွန်းပြင်ဆည်ရဲ့ ခုနစ်မိုင်ခန့်အကွာ လှည်းကူး နဲ့ ပဲခူးမြို့နယ်အစပ်မှာတည်ရှိတာ ဖြစ်ပါတယ်။ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း ပြီးစီးရင်တော့ ဒီစီမံကိန်းကနေပြီး ရန်ကုန်မြို့နေပြည်သူများကို နေ့စဉ် ရေဂါလန် သန်း ၄၀ ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းဟာ ၂၀၁၃ ခုနှစ် မေ ၅ ရက်က စတင်လုပ်ဆောင်နေပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလလောက်မှာ ရေပေးဝေနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်း က သောက်သုံးရေတွေကိုတော့ ရန်ကုန်မြို့ရဲ့ ရေဖြန့်ဝေပေးမှုဧရိယာတွေဖြစ်တဲ့ ဇုန်(၇)နဲ့ ဇုန် (၈) တို့အပြင် ဒဂုံမြို့သစ်လေးမြို့နယ်နဲ့ သီလဝါ အထူးစီးပွားရေးဇုန်အထိ ဖြန့်ဝေပေးနိုင်မယ့် အစီ အစဉ်ရှိနေပါတယ်။

ရန်ကုန်မြို့ရဲ့ သောက်သုံးရေဖြန့်ဝေပေးမှုကို ကြည့်ရင်တော့ ယခင်ကထက် တဖြည်းဖြည်း တိုးတက်ဖြန့်ဝေပေးနေရတာမို့ လက်ရှိအနေ အထားအရ ရန်ကုန်မြို့ လူဦးရေဟာ တစ်နှစ်ကို ၂ ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးပွားလာနေတာကို လွှမ်းခြုံနိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ကို သောက်သုံးရေဖြန့်ဖြူးပေးနေ တဲ့ နေရာတွေဖြစ်တဲ့ ဂျိုးဖြူရေလှောင်တမံက တစ်နေ့ရေဂါလန် ၂၇ သန်း၊ ထူးကြီးက တစ်နေ့ ရေဂါလန် ၅၄ သန်း၊ လှော်ကားက တစ်နေ့ ရေဂါလန် ၁၄ သန်း၊ ငမိုးရိပ်(၁)က တစ်နေ့ ရေဂါလန် ၄၅ သန်း၊ ငမိုးရိပ်(၂)က တစ်နေ့ ရေဂါလန် ၄၅ သန်းဆိုတော့ စုစုပေါင်း ရေဂါလန် ၁၈၅ သန်းဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ရေတွင်းတွေကနေပြီး နေ့စဉ် ရေဂါလန် သန်း ၂၀ ကိုလည်း ဖြန့်ဝေပေးနေပါတယ်။

ဒါကြောင့်လည်း ရန်ကုန်မြို့ ပြည်သူတွေကို နေ့စဉ်သောက်သုံးရေဖြန့်ဝေမှုဟာ တစ်နေ့ကို ရေဂါလန် ၂၀၅ သန်းရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို နေ့စဉ် ရေဂါလန်သန်းပေါင်းများစွာ ဖြန့်ဝေ ပေးနေတာဟာ ရန်ကုန်မြို့ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ကိုသာ လွှမ်းခြုံနိုင်သေးတာမို့ ပိုမို တိုးတက် ဖြန့်ဝေပေးနိုင်ရေး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့အတွက် သောက်သုံးရေ တစ်နေ့ကို ရေဂါလန် ၂၀၅ သန်းခန့် ဖြန့်ဝေပေးနေရတယ် ဆိုပေမယ့် ဖြန့်ဖြူးနေတဲ့ ရေပိုက်တွေ သက်တမ်း ကြာမြင့်မှု၊ နည်းစနစ်ပိုင်းလိုအပ်ချက်တွေ ရှိနေမှုကြောင့် သောက်သုံးရေ လေလွင့်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါတွေကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ JICA တို့ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။

ရန်ကုန်မြို့ ရေပေးဝေမှုစနစ်ကို လာမယ့် အနာဂတ်မှာတော့ နယ်မြေအလိုက် ဇုန်တွေခွဲပြီး ပေးသွားဖို့ရှိနေပါတယ်။ ဒီလိုဇုန်တွေခွဲပြီး ရေပေးဝေနိုင်ဖို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနဲ့ JICA တို့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ YCDC နဲ့ JICA  တို့ ပူးပေါင်းရေးဆွဲ ထားတဲ့ Master Plan  အရ လာမယ့် ၂၀၄၀ မှာ ရန်ကုန်မြို့နေ ပြည်သူတွေကို တစ်နေ့ ရေဂါလန် သန်း ၅၂၅ သန်းခန့် ပေးဝေနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ရေပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်သစ်တွေဖြစ်တဲ့ ပန်းလှိုင်မြစ်၊ တိုးမြစ်၊ ကုက္ကိုဝမြစ်၊ လဂွန်းပြင်နဲ့ညောင်နှစ်ပင် ရေပေးဝေရေး စီမံကိန်းတို့ကနေပြီး ရယူကာ ဖြန့်ဝေပေးနိုင်ရေး ကြိုးစားသွားဖို့လည်း အစီအစဉ်တွေရှိ နေပါတယ်။ အဲဒီရေပေးဝေရေး စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရင်တော့ လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းအထိ သောက်သုံးရေ ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ့အလင်း