ရန်ကုန်ရွှေဈေးကွက် မေ ၁၆ ရက်တွင် ပြန်ဖွင့်မည်

မေ ၁၂

 

ရန်ကုန်ရွှေဈေးကွက် မေ ၁၆ ရက်တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

 

လက်ရှိ ရန်ကုန်ရွှေဈေးကွက်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး လမ်းညွှန်မှုများ ခံယူနေကြောင်း ၎င်းက ဆက်ပြောသည်။

 

"မေ ရက်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ တွေ့တယ်၊ မေ ၁၁ ရက်ကလည်း သတင်းနည်းပညာဌာန ညွှန်ကြားရေးမှူးနဲ့ တွေ့တယ်၊ နောက် ပန်းပဲတန်းမြို့နယ် မဝတ ထွေအုပ်နဲ့လည်း တွေ့တယ်၊ ရန်ကုန်ရွှေဈေးကွက်ကို ၁၆ ရက်နေ့တော့ အကြမ်းဖျဉ်းပြန်ဖွင့်မယ်လို့တော့ မှန်းထားတယ်၊ ၁၅ ရက်နေ့မှာ ဒီ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေက ပြီးသွားမယ်ဆိုရင် ၁၆ ရက်နေ့ မနက်ပိုင်း အသင်းရုံးမှာ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးလုပ်မယ်၊ လုပ်ပြီးရင် ထွေအုပ်ကနေ ညွှန်ကြားတဲ့ဟာတွေကို ရှင်းလင်းတင်ပြမယ်၊ အဓိကကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါဘဲ၊ လက်ဆေးတာတို့၊ Mask တပ်တာတို့၊ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေကွာနေပါတို့ အဲဒါတွေ စည်ကမ်းလိုက်နာဖို့ အဓိကထားပြောပြီး ရွှေစျေးကွက် ပြန်ဖွင့်သွားမယ်"ဟု ဦးမျိုးမြင့်က ပြောသည်။

 

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၇၀၀၀၀ ကျော်သာရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်ထိရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

ထိုသို့ ပြည်တွင်းရွှေဈေး ကျဆင်းနေပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းမှာ COVID-19 ကြောင့် ပြည်တွင်းရွှေဈေးကွက် မဖွင့်လှစ်နိုင်သည့်အပြင် ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့ဖြင့် ကူးလူးဆက်ဆံရေး မရှိသောကြောင့် အရောင်းအဝယ်မှာလည်း အေးနေကြောင်း ဦးမျိုးမြင့်က ဆက်ပြောသည်။

 

လက်ရှိ ရွှေဈေးကွက် မဖွင့်သေးသော်လည်း ရွှေအဆိုင်အချို့ အဝယ်လက်ခံနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင်တစ်သောင်းကျော်ရှိပြီး ယခင်က တစ်နေ့လျှင် ရွှေပိဿချိန် ၅၀ ခန့် အရောင်းအဝယ်ရှိကြောင်း၊ လက်ရှိ COVID-19 ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေစျေးကွက်ကို ပိတ်ထားသည်။

 

ငြိမ်းငြိမ်း