ရန်ကုန်ရွှေဈေးကွက် ယနေ့ပြန်ဖွင့်ပြီ

ရန်ကုန်   ၁၉  မေ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်သောအားဖြင့် အခြားအခြားသောလုပ်ငန်းများ ယာယီပိတ်သိမ်းခြင်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရုံးကို မတ်၂၃ ရက်က စတင်ပိတ်ထားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားသတ်မှတ်စည်းကမ်းများနှင့်အညီ ယနေ့မှစတင်၍ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသင်းအတွင်းရေးမှူး ဦးမျိုးမြင့်ကပြောကြားသည်။ ပြန်ကြားရေးမှူး ဦးအေးချိုက "အခု အသင်းရုံး ပြန်ဖွင့်တဲ့အခါမှာ လှေကားအတက်အဆင်းကို တစ်ယောက်ချင်းပဲ အဆင်းအတက် လုပ်စေပါတယ်။ အသင်းရုံးခန်းထဲဝင်သူအားလုံး အပူချိန်တိုင်းတယ်။ လက်ဆေးဆပ်ပြာရည်နဲ့ ဆေးခိုင်းတယ်။ နှာခေါင်းစည်းကို အမြဲတမ်းတပ်ခိုင်းထားတယ်။ နေရာထိုင်ခင်းကအစ စနစ်တကျ စီစဉ်ပေးထားတယ်။ ကိုယ့်ထိုင်ခုံကနေ ကိုယ်အရောင်းအဝယ်စကားပြောကြ၊ အသင်းရုံးလာသူ အားလုံးရဲ့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကအစ သေသေချာချာ မှတ်တမ်းတင်ထားတယ်"ဟု ပြောသည်။ ။

ကိုဗစ်-၁၉ကာလအတွင်းအသင်း ရုံးခန်းတွင် ရွှေအရောင်းအဝယ်ပြုလုပ်ရာ၌ အသင်းဝင်တိုင်း သတ်မှတ် စည်းကမ်းများကို အတိအကျအမြဲ လိုက်နာကြရမည်ဖြစ်ပြီး အဖွဲ့ဝင်ခြောက်ဦးပါသော စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က နေ့စဉ်စောင့် ကြည့်သွားမည်ဟု သိရသည်။

ယနေ့ရွှေဈေးအဖွင့်၌ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၆၀ ဖြစ်ပြီး မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၁၂၃၆၀၀၀ ဖြင့်ဈေးစဖွင့်ခဲ့ကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)