ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် နေအိမ်ပတ်ဝန်းကျင်၊ အဆောက်အုံနှင့် ပြတိုက်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများ၏ ဓါတ်ပုံများနှင့် ၎င်းတို့၏ အသေးစိတ် အချက်အလက်များ …

car

ဗိုလ်ချုပ်အောင်ဆန်း၏ ကား

ဗိုလ်ချုပ်အောင်ဆန်း၏ မော်တော်ယဉ်မှတ်တမ်း

ကားအမျိုးအစား             - WOLSELEY

မော်တော်ယာဉ်နံပါတ်     - RC- 2874

ပြုလုပ်သောနိုင်ငံ             - အင်္ဂလန်

ရရှိပုံ                               - ၁၉၄၆၊ စက်တင်ဘာ (၂၆) ရက်နေ့တွင် ဘုရင်ခံ၏

                                        အမှုဆောင်ကောင်စီ၌ ဒုတိယ သဘာပတိရာထူးကို

                                        လက်ခံပြီးနောက် မူလစီးနေသော     

                                        ဂျစ်ကားအမှတ် - ၆၆ အစား ယခုကားကို

                                        ပြောင်းလဲပေးအပ်ခြင်းဖြစ်သည်။

ရရှိသောခုနှစ်                  - ၁၉၄၇၊ ဇန်နဝါရီလကုန်ပိုင်း။

ယာဉ်မောင်းအမည်          - ဦးကျော်စိန် (ကွယ်လွန်)

 

နေအိမ်ပတ်ဝန်းကျင်

 

1

2

3

4

5

6

7

8

9

10

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ အထိမ်းအမှတ်ပြတိုက်တစ်ခုဖြစ်ပါသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်သည် (၁-၁-၁၉၆၀) ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် ၏အုပ်ချုပ်မှု လက်အောက်သို့ရောက်ရှိပြီး (၁၉-၇-၁၉၆၂)နေ့မှစ၍ အထိမ်းအမှတ်ပြတိုက် တစ်ခုအဖြစ် အာဇာနည်နေ့များတွင် ရက်သတ္တပတ်အထူးပြပွဲအဖြစ် ပြသခဲ့ပါသည်။ ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲလျှင် ကျန်သည့်ရက်များတွင် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ ဖွင့်လှစ်ပြသသည်။ ပြည်တွင်းမှ ရဟန်း၊ သီလရှင်၊ ကလေးလူကြီးများအား အခမဲ့ဝင်ရောက်ခွင့်ပြုထားပြီး နိုင်ငံခြားသားများအား ကျပ်ငါးထောင် ကောက်ခံသည်။

 

အဆောက်အအုံ

 

s1

s2

s3

s4

s5

အဆောက်အအုံ

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နောက်ခံသမိုင်းအကျဉ်း ဗိုလ်ချုပ်ပြတိုက်(သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောနေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်သည်။ အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ် တွင်တည်ရှိသည်။ ဘဲဥပုံသဏ္ဍာန်မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ (၂.၄၂၃ ဧက) ရှိသည်။ ၁၉၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်၍ အနောက်တိုင်းဗိသုကာဟန် ရောနှော တည်ဆောက်ထားသော ၂၀ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ်အဆောက်အအုံမှာ ခြံဝင်းအတွင်း ၌ရှိသော (၁၈)ပေမြင့်သည့်ကုန်းပေါ်တွင် တောင်ဘက်သို့မျက်နှာစာပြုကာ တည်ဆောက်ထား ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ဤအိမ်တွင် ၁၉၄၅-ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ ထိုစဉ်က မူလပိုင်ရှင်ဖြစ်သော တရုတ် လင်မယားနှစ်ဦးထံမှ ငှားရမ်းနေထိုင်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များ လုပ်ကြံခံရပြီးနောက် ၁၉၄၈-ခုနှစ်၊ ဇူလိုင်လ၊ (၈)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရန်ပုံငွေမှကျခံလျှက် ရန်ပုံငွေကြီးကြပ် ထိန်းသိမ်းရေးအမှုဆောင်အဖွဲ့က မူလ ပိုင်ရှင် တရုတ်လင်မယားထံမှ စာချုပ်စာတမ်းဖြင့် ကျပ်ငွေ(၃သောင်း) ပေးချေကာ အပြီးအပိုင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက်ပိုင်းတွင် ကျန်ရစ်သူ မိသားစု ဆက်လက်နေထိုင်ခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့တောင်ဘက်ရှိရေကန် တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီးနောက် ဤအိမ်တွင်မည်သူမှ ဆက်လက်နေထိုင်ခြင်းမရှိတော့ပေ။ ၁၉၅၅-၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ပထမဆုံးသော ညွှန်ကြားရေးဝန်ဦးသာမြတ်၊ အမျိုးသားပြတိုက်၊ ပြတိုက်မှူးကြီး ဒေါ်ညွန့်ဟန် နှင့် အကြံပေးအရာရှိ Dr.Nibarran Raysတို့သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နေအိမ်အား အများပြည်သူကြည့်ရှုနိုင်ရေးအတွက် ပြတိုက်အဖြစ်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၅၇-ခုနှစ်၊ စက်တင်ဘာလ၊ (၉)ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်၏ဇနီး ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသထားရှိရန် ပရိဘောဂပစ္စည်း(၅၃)မျိုးနှင့် အခြားပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ၁၉၅၇-ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည်ထူထောင်ရေး တပ်မှ မွမ်းမံပြင်ဆင်ခဲ့ပါသည်။ ၁၉၆၀-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို စတင်ဖွင့်လှစ်ပြသခဲ့သည်။ တော်လှန်ကောင်စီအစိုးရလက်ထက်တွင် ပြတိုက် အဆောက်အအုံနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင်မွမ်းမံသည်။ ၁၉၆၂-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၁၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ အခမဲ့ဖွင့်လှစ် ပြသခဲ့သည်။ ၁၉၉၉-ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှ စတင်၍ ပြတိုက်ကိုအကြီးစား ပြုပြင်ထိန်းသိမ်း ခဲ့သည်။ ပြန်လည်ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းအရပ်ရပ်အတွက် နိုင်ငံတော်ကကျပ် (သိန်း၃၀၀) ကျခံသုံးစွဲခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဆောက်အအုံမှာ မူလကသံကူကွန်ကရစ် မဟုတ်ဘဲ သစ်သားထည်အုတ်ရိုးစီ အဆောက်အအုံသာဖြစ်သည်။ အကြီးစားပြင်ဆင်သောအခါ မူလလက်ရာမပျက်စေဘဲ လိုအပ်သောနေရာတွင် ကြံ့ခိုင်မှုအတွက် သံကူကွန်ကရစ်များဖြင့် မွမ်းမံ ထိန်းသိမ်းခဲ့သည်။ ၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

 

ထမင်းစားခန်း

r1

r2

r3

r4

r5

ထမင်းစားခန်း

ထမင်းစားခန်း (Dining Room) ထမင်းစားခန်းအလယ်တွင် ဗိုလ်ချုပ်အောင်ဆန်း မိသားစုနှင့် ဧည့်သည် (၅)ဦး ထမင်းစားသောက်သည့် သစ်သားစားပွဲအရှည်နှင့် ကုလားထိုင်(၁၀)လုံးကို ခင်းကျင်းပြသထားပြီး ဗိုလ်ချုပ်၏ငယ်ဘဝ ဓါတ်ပုံ (၄)ပုံနှင့် ဆွေစဥ်မျိုးဆက် ဇယားပုံ(၁)ပုံပါ ဘုတ်ပြားတစ်ချပ်၊ ကျောင်းသားဘဝ ဓါတ်ပုံ(၅)ပုံပါဘုတ်ပြား (၁)ချပ်၊ ဗိုလ်ချုပ်၏ ကိုယ်တစ်ပိုင်းပုံ ဓါတ်ပုံ(၂)ပုံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ ပိုးထည်စက်ရုံတစ်ခုမှ ရက်လုပ်သော ဗိုလ်ချုပ် အောင်ဆန်းပုံတူ ရက်ကန်းပန်းချီကား (၁) ကားနှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မိန့်ခွန်းကောက်နှုတ်ချက်များကို ချိတ်ဆွဲပြသထားပြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ် မီးဖိုချောင်တွင် သုံးစွဲခဲ့သော မူရင်းပန်းကန်ခွက်ယောက်များကို ထည့်သွင်းပြသထားသည့် မှန်ဘီဒို၊ သစ်သားပန်းကန်စင် ၂ ခု၊ သစ်သားဘီဒို တစ်ခုနှင့် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ််တို့ကို ပြသထားပါသည်။

 

ဧည့်ခန်း (Living Room)

w1

w2

w3

w4

w5

 

ဧည့်ခန်း (Living Room)

 

ဧည့်ခန်းတွင် သစ်သားစားပွဲဝိုင်းနှင့် သစ်သားကြိမ်ထိုး ဆက်တီတစ်စုံ၊ သစ်သားစားပွဲဝိုင်းနှင့် ဆိုဖာဆက်တီတစ်စုံ၊ ဗိုလ်ချုပ်အောင်ဆန်း နားထောင်ခဲ့သော ရေဒီယို၊ ဘုတ်ပြား (၂)ခုဖြင့် နိုင်ငံခေါင်းဆောင်ဘဝ (National Leader - life) ဓါတ်ပုံ(၆)ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သေနာပတိဝတ်စုံဖြင့် ကိုယ်တစ်ပိုင်ပုံ ပလာစတာရုပ်တု၊ ဗိုလ်ချုပ်အောင်ဆန်း ဖိနပ်ထိုင်စီးသော ကုလားထိုင်၊ ပစ္စည်းတင် စားပွဲငယ်တစ်ခု၊ ဗိုလ်ချုပ်၏ လက်ထပ်မင်္ဂလာ ဓါတ်ပုံ(၁)ပုံ၊ ဗိုလ်ချုပ်ဇနီးမောင်နှံနှင့် ရင်သွေးကလေးများ ဓါတ်ပုံ(၁)ပုံနှင့် ဗိုလ်ချုပ်၏ ကိုယ်တစ်ပိုင်းပုံ ဓါတ်ပုံ(၃)ပုံတို့ကို ပြသထားပါသည်။

 

အိပ်ခန်း (Bed Room)

 

h1

 

b2

b3

 

အိပ်ခန်း (Bed Room)

အိပ်ခန်းအလယ်တွင် ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည် ဇနီးမောင်နှံ၏ သစ်စားခုတင်၊ မှန်တင်ခုံတစ်ခု၊ အဝတ်စင်တစ်ခု၊ သစ်သားဘီဒိုတစ်ခု၊ သစ်သားဘီဒိုငယ်တစ်ခု၊ ဗိုလ်ချုပ်ဝတ်ဆင်အသုံးပြုခဲ့သော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများပါ မှန်ဘီဒိုတစ်ခု၊ နံရံပေါ်တွင် ဗိုလ်ချုပ် ဇနီးမောင်နှံ၏ ဓါတ်ပုံ(၂)ပုံနှင့် ဘုရားခန်းမှ ရွှေတိဂုံစေတီတော် ရှုခင်းဓါတ်ပုံ(၁)ပုံ၊ ရွှေကြက်ယက်ဘုရားရှုခင်းဓါတ်ပုံ(၁)ပုံ၊ ဘုရားစင်ပုံဓါတ်ပုံ(၁)ပုံနှင့် ဗုဒ္ဓဆင်းတုတော်ပုံ ဓါတ်ပုံ(၁)ပုံတို့ကို ချိတ်ဆွဲပြထားပါသည်။

 

စာဖတ်ခန်း (Reading Room)

re1

re2

စာဖတ်ခန်း (Reading Room)

ဗိုလ်ချုပ်စာဖတ်ခန်းတွင် ဗိုလ်ချုပ်၏ စာကြည့်စားပွဲနှင့် ကုလားထိုင်၊ သစ်သား စာအုပ်စင်တစ်ခု၊ သစ်သားဘီဒိုတစ်ခု၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော စာအုပ် (၂၄၀) အုပ် ထည့်သွင်းပြသထားသော မှန်ဘီဒိုတစ်ခု၊ ဗိုလ်ချုပ်အကြောင်း ရေးသားထားသည့် စာအုပ် (၁၁၃) အုပ် ပြသထားသော မှန်ဘီဒိုတစ်ခုနှင့် နံရံပေါ်တွင် ဗိုလ်ချုပ် ဆေးလိပ်သောက်နေပုံ ပန်းချီကား(၁)ကားတို့ကို ချိတ်ဆွဲပြသထားပါသည်။

 

ဘုရားခန်း (Altar Room)

bu1

al2

al3

al4

ဘုရားခန်း (Altar Room)

ဘုရားခန်းတွင် ဒက္ခိဏသာခါ ဆင်းတုတော် (၁)ဆူပါ ဘုရားကျောင်းဆောင်နှင့် တင်ခုံ သစ်သားစားပွဲဝိုင်း (၁)ခု၊ မြတ်စွာဘုရားမှ ပဉ္စဝဂ္ဂီ (၅)ပါးကို တရားဟောနေပုံ ပန်းချီပုံနှိပ်ပုံတော်(၁)ပုံနှင့် ဗိုလ်ချူပ်အောင်ဆန်း တော်လှန်ရေးသွားစဉ် ဘုရားကို ပင့်ဆောင်စောင့်ရှောက်ထားသော ဦးတင်၏မှန်ဘောင်ပါ မှတ်တမ်းစာ (၁)စောင်တို့ကို ပြသထားပါသည်။

 

ကလေးများအိပ်ခန်း (Children's Bed Room)

cbr

cbr2

cbr3

ကလေးများအိပ်ခန်း (Children's Bed Room)

ကလေးများအိပ်ခန်းတွင် အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည်တို့၏ ခုတင်(၃)ခု ၊ အဝတ်ထည့် သစ်သားဘီဒို (၁)ခု၊ ကိုယ်လုံးပေါ်ကြည့်မှန် (၁)ချပ်၊ အဝတ်စင်တစ်ခု၊ သစ်သားဘီဒိုငယ်တစ်ခုနှင့် နံရံပေါ်တွင် ဗိုလ်ချုပ်မိသားစုဓါတ်ပုံ (၂)ပုံတို့ကို ချိတ်ဆွဲပြသထားပါသည်။

 

အထူးအစည်းအဝေးခန်း (Special Meeting Room)

smr

အထူးအစည်းအဝေးခန်း (Special Meeting Room)

အထူးအစည်းအဝေးခန်းတွင် သစ်သားကြိမ်ထိုး ဆက်တီတစ်စုံကို ပြသထားပြီး နိုင်ငံလွတ်လပ်ရေးအတွက် အရေးကြီးသော လျှို့ဝှက် အစည်းအဝေးများကို ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၎င်းအပြင် ကြိမ်ပက်လက် ကုလားထိုင် (၁)ခု၊ သစ်သားစားပွဲငယ် (၁)ခု၊ သစ်သားစားပွဲ (၁)ခု၊ နံရံများပေါ်တွင် ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်များ ရေးသားထားသည့် ကနုတ်ဘောင်ပါ ဘုတ်ပြား (၁)ခု၊ ကချင်တိုင်းရင်းသူများနှင့် ဗိုလ်ချုပ်ဓါတ်ပုံ (၁)ပုံ၊ ဂျင်းဖောဝတ်စုံ ဝတ်ဆင်ထားသော ဒေါ်ခင်ကြည် ဓါတ်ပုံ (၁)ပုံနှင့် ဗိုလ်ချုပ်၏ မြန်မာအမျိုးသားဝတ်စုံဖြင့် ထိုင်နေပုံဓါတ်ပုံ (၁)ပုံတို့ကို ချိတ်ဆွဲပြသထားပါသည်။

 

အမျိုးသားပြတိုက် ရန်ကုန်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။