ရှင်နော်၊ ဓာတ်ပုံ - ထိန်လင်း

ရန်ကုန်မြို့တော်၏ နေအပူချိန်က မြင့်မားလွန်းလှသည်။ တဖြည်းဖြည်း မြင့်တက်လာနေသော အပူချိန်ကြောင့် မြို့တော်သူ မြို့တော်သားတို့မှာ နေ့ပိုင်းသာမက ညအချိန်ထိပါ အပူဒဏ်ကို ခံစားကြရသည်။ ဘဝရပ်တည်ရေးအတွက် တစ်နေကုန် တစ်နေခန်း လှုပ်ရှားရုန်းကန် သွားလာကြပြီး ညပိုင်းရောက်သော်လည်း အိပ်စက်အနားယူရန် မဝံ့ရဲဘဲ အပူချိန်လျော့ကျချိန်ကို စောင့်မျှော်ကြရသည်။ ရံဖန်ရံခါ တက်လာတတ်သော အမည်းရောင်မိုးတိမ်တို့က မိုးပေါက်မိုးဖွဲလေးများ အနည်းငယ် မျှကိုရွာချရင်း ရန်ကုန်သူ ရန်ကုန်သားတို့ကို ကလူကျီစယ်ပြု နေတတ်သည်။

ထွက်ပေါက်တစ်ခုဖြစ်

ရာသီအကူးအပြောင်းကာလ မိုးခြိမ်းသံ၊ လျှပ်စီးလျှပ်သံကို ကြားရတိုင်း ရန်ကုန်သူ ရန်ကုန်သားတို့က ကောင်းကင်အနှံ့ မော့ကြည့်တတ်ကြသည်။ အသွင်သဏ္ဌာန် အမျိုးမျိုးကိုဖန်တီးရင်း တိမ်ညိုတိမ်မည်းတို့က လေနှင်ရာ လွင့်ပါသွားတတ်သည်။ မကြာမီဝင်ရောက်လာတော့မည့် အနောက်တောင်မုတ်သုံလေ နှင့် မိုးရာသီက အပူဒဏ်ခံနေရသူ ရန်ကုန်သားတို့အတွက် ထွက်ပေါက်တစ်ခုပင်ဖြစ်သည်။

ပူပြင်းလှသော နွေရာသီ၏ တစ်နေ့တာကာလပတ်လုံး နေအပူရှိန်ဒဏ်ကို ခံစားကြရသော ရန်ကုန်သားတို့သည် ညဘက် သီးသန့်ရောင်းချသောဆိုင်များတွင် သွားရောက်စားသောက်ရင်း အပန်းဖြေကြလေ့ရှိသည်။ ထို့ကြောင့်ပင် ကမ်းနားလမ်း တစ်လျှောက် ညဈေးတန်းသည် နွေရာသီကာလတွင် အမြဲလိုလို စည်ကားနေလေ့ရှိသည်။ ရန်ကုန်မြစ်အနီး ဖွင့်လှစ်ထားသော ညဈေးတန်းတွင် လေညင်းခံရင်း မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ ဝိုင်းဖွဲ့စားသောက်ရင်း အချိန်ယူစကားပြောနေလေ့ရှိသည်။

စတင်ဖွင့်လှစ်ခဲ့

ရန်ကုန်သူ ရန်ကုန်သားတို့၏အကြိုက်ကို စီးပွားရေးလုပ်ငန်းရှင်များက ရိပ်မိသည်ထင်။ လွန်ခဲ့သော သီတင်းပတ်ဖြစ်သည့် မေလပထမပတ်မှစ၍  Golden Market Myanmar ကုမ္ပဏီလီမိတက်က တာဝန်ယူဖွင့်လှစ်သော Yangon Weekend Market  ကို ရန်ကုန်မြို့လယ်ကောင်၊ ရန်ကုန်မြစ်နှင့် မနီးမဝေးဖြစ်သော ကျောက်တံတားမြို့နယ် ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Yangon Weekend Market ဖွင့်ပွဲအစီအစဉ်အပြီး ရောက်ရှိသွားသော စာရေးသူအား ပွဲတော်ကို တာဝန်ယူကျင်းပလျက်ရှိသည့် Golden Market Myanmar ကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မနုနုဝေက “အဓိကကတော့ နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ လက်မှုပစ္စည်းနဲ့ ရိုးရာယဉ်ကျေးမှု အစားအစာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ဝယ်ယူခွင့်ရဖို့အတွက် အခုလိုရောင်းချ ဖြစ်တာပါ” ဟု ရှင်းပြသည်။

mdn

 

ဆွဲဆောင်လျက်ရှိ

မဟာဗန္ဓုလပန်းခြံလမ်းနှင့် မကြာမီဖွင့်လှစ်တော့မည့် Rosewood Yangon ဟိုတယ်ထောင့်၊ ဘဏ်လမ်းဆုံနေရာတွင် အဝင်မုခ်ဦးတစ်ခုနှင့် ပန်းဆိုးတန်းလမ်းနှင့် ဘဏ်လမ်းဆုံ နေရာတွင် အဝင်မုခ်ဦးတစ်ခုတို့ကို တွေ့ရသည်။ နီညိုရောင် နောက်ခံပေါ်တွင် စေတီတော်ပုံ၊ ကရဝိက်ပုံ၊ ပစ်တိုင်းထောင်ပုံ၊ မီးပုံးပျံပုံတို့ဖြင့် ဖန်တီးထားသော အဝင်မုခ်ဦးများက တစ်မူထူးခြားသော သွင်ပြင်ဖြင့် ဈေးတန်းလာပြည်သူများအား စိတ်ဝင်စားစေရန် ဆွဲဆောင်လျက်ရှိသည်။

သန့်ရှင်းသပ်ရပ်

ပထမအကြိမ် ရောက်စဉ်က ဖွင့်ပွဲအခမ်းအနားအပြီးနှင့် တိုက်ဆိုင်နေသောကြောင့် မင်းပရိသတ်များပြားပြီး အေးဆေးစွာ လေ့လာခွင့်မရခဲ့ချေ။ ထို့ကြောင့်ပင် မေလ ဒုတိယမြောက် အပတ်၌  Yangon Weekend Market  သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ပြီး စိတ်တိုင်းကျလေ့လာခဲ့သည်။ ဘဏ်လမ်း၏ တစ်ဝက်ခန့်ကိုသာ နေရာယူထားသော အဆိုပါဈေးတန်းကလေးသည် သန့်ရှင်းသပ်ရပ်လှသည်။

နှစ်ခြိုက်မှုကို ရစေမည်

ရုံးဖွင့်သောနေ့ရက်များတွင် ပျာပန်းခပ်သွားလာနေကြသော ဘဏ်ဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ အမှုပွဲစားများ၊ စာချုပ်စာတမ်းပြုလုပ်သူများ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ အလျှင်းမရှိသောကြောင့် ဘဏ်လမ်း၏ အမြင်ကပင် ထူးခြားလို့နေသည်။ လမ်းကို ကန့်လန့်ဖြတ်ကာ သွယ်တန်းထားသောအလံနှင့် မီးတန်းများ၊ သပ်ရပ်ညီညာစွာ ခင်းကျင်းထား သောဆိုင်ခန်းများ၊ စားသုံးသူအတွက် သန့်ရှင်းရေးကို ဦးစားပေးထားမှုက လာရောက်စားသောက်သူ ရန်ကုန်သူ ရန်ကုန်သား တို့သာမက တိုင်းတစ်ပါးသားများအတွက်ပါ နှစ်ခြိုက်မှုကို ရစေမည်ဖြစ်သည်။

ဆိုင်ခန်းပေါင်း ၆၅ ခန်းနှင့် Food Truck  လေးစီး ပါဝင်ရောင်းချကာ မြန်မာ့လက်မှုပစ္စည်းဆိုင်များ၊ တိုင်းရင်းသား အစားအစာဆိုင်များ၊ နိုင်ငံတကာ အစားအစာဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ယမကာဆိုင်များ ပါဝင်ပြီး လာရောက် စားသုံးသူပြည်သူများအား ဖျော်ဖြေရန် ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းထားသည်။

မေလပထမပတ်တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါ ဈေးတန်းလေးကို မေလအတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ လည်းကောင်း၊ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိလည်းကောင်း ဖွင့်လှစ်ရောင်းချမည်ဟု သိရပြီး မိုးရာသီကာလဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ များတွင် ခေတ္တရပ်နားထားကာ စက်တင်ဘာလတွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။

 

mdn

 

နေရာတစ်ခုကို ဖန်တီးရရှိ

တစ်ချိန်က စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် တိတ်ဆိတ်ခြောက်သွေ့ နေတတ်သော ရန်ကုန်မြို့လယ်ကောင်ရှိ ဘဏ်လမ်းလေးမှာ ယခုအခါ အပန်းဖြေအနားယူသူများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိပြီ ဖြစ်သည်။ ဈေးတန်းအတွင်း ရှေ့နောက် လူးလာလျှောက်ရင်း အပန်းဖြေအနားယူနေသော ရန်ကုန်မိသားစုများကို အပြုံးမျက်နှာပိုင်ရှင်များအဖြစ် တွေ့မြင်ရပြီဖြစ်သည်။ ရန်ကုန်မြို့လယ်နေ ပြည်သူတို့အဖို့ ညနေခင်းလမ်းလျှောက်ဆင်းရန် နေရာတစ်ခုကို ဖန်တီးရရှိခဲ့ပြီဖြစ်သည်။ ဘေးနှစ်ဖက်ရှိ အထပ်မြင့် အဆောက်အအုံများနှင့် ရှားရှားပါးပါး သစ်ပင်ကြီးငယ်တို့က နေအပူကို အတန်အသင့် အကာအကွယ်ပေးထားသည်။ ကမ်းနားလမ်းတစ်ဖက်ခြမ်းရှိ ရန်ကုန်မြစ်ကို ဖြတ်သန်းတိုက်ခတ်လာသော လေပြည်အေးက အတိုင်းအတာ တစ်ခုအထိ အပူရှိန်ကို ဖြေလျှော့ပေးလျက်ရှိသည်။

ထို့ကြောင့်ပင် ယခုသီတင်းပတ်၏ ရန်ကုန်စာမျက်နှာထက်၌ နွေအပူကို အန်တုလိုသော ရန်ကုန်သူ ရန်ကုန်သားတို့အတွက် အပန်းဖြေအနားယူရန် ဖန်တီးထားသော နေရာသစ်တစ်ခုဖြစ်သည့် Yangon Weekend Market အကြောင်းကို ကောက်နုတ် တင်ဆက်လိုက်ရပါသည်။

မြန်မာ့အလင်း

 

mdn