ရန်ကုန် ၂၁ ဒီဇင်ဘာ

 

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန် ရန်ကုန်တာယာစက်ရုံမှ ထုတ်လုပ်သည့်တာယာများကို ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ဆိပ်ကမ်းများတွင် အသုံးပြုရန်နှင့် လာအိုနိုင်ငံရှိ တစ်တန်ထရပ်ကားများတွင် အသုံးပြုရန်အတွက် တင်ပို့နိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ရန်ကုန်တာယာစက်ရုံသည် ရွှေပြည်သာမြို့နယ် စက်မှုဇုန်အမှတ် ၄ တွင်တည်ရှိပြီး နိုင်လွန်တာယာများ ထုတ်လုပ်လျက်ရှိကာ ရန်ကုန်တာယာစက်ရုံ (ဘီးလင်း) ကို စက်မှုဝန်ကြီးဌာနထံမှ နှစ်ရှည်ငှားရမ်း၍ ရေဒီယယ်တာယာများ ထုတ်လုပ်လျက်ရှိကြောင်း ရန်ကုန်မြို့ လိုတီဟိုတယ်တွင် ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသော ရန်ကုန်တာယာစက်ရုံ (၁၀) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား၌ ထူးမော်ကုမ္ပဏီနှင့် ရန်ကုန် တာယာ ဥက္ကဋ္ဌ ဦးကျော်ကျော်စိန်က ပြောသည်။

 

စက်ရုံ၏ ထုတ်ကုန်အသစ်အနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်ပြီး မော်တော်ဆိုင်ကယ်တာယာများကို ထုတ်လုပ်ဖြန့်ချိလျက်ရှိကာ စက်ရုံမှ တစ်နှစ်လျှင် မော်တော်ကားတာယာ ၅ သိန်းနှင့် မော်တော်ဆိုင်ကယ်တာယာ ၁၂ သိန်း ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တာယာစက်ရုံကို ၂၀ဝ၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်ဝမ်မှစက်များ၊ ကျွမ်းကျင်ပညာရှင်များဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်သော တာယာများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းဈေးကွက်နှင့် ပြည်ပငါးနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

mdn

 

ထို့ပြင် အရည်အသွေးကောင်းမွန်သော လယ်ယာလုပ်ငန်းသုံးတာယာများ၊ လုပ်ငန်းသုံး ရေဒီယယ်တာယာများနှင့် ဆိုင်ကယ်တာယာများကို ပြည်တွင်းပြည်ပ ဈေးကွက်လိုအပ်ချက်နဲ့အညီ ပြည့်မီစွာ တိုးချဲ့ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး