ရန်ကုန် ၁၇  မေ 

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာမြေ ဧက(၂၀ဝ၀) ကျော်ကို ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်ရန်နှင့် အဆိုပါရေတံခါး၌ မိုးနှောင်းကာလတွင် ကွင်း အတွင်းမှ ပိုလျှံရေများကို သိုလှောင်မှုဖြင့် နွေစပါးသီးနှံ စိုက်ပျိုးရရှိရေးအတွက် အထောက်အကူ ပြုမည့် ခနောင် ရေထိန်းတံခါးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ (ငွေလုံးငွေရင်း) ကျပ်သိန်း(၆၅၀ဝ)ဖြင့် တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။

 

ဒလမြို့နယ်သည် အရှေ့ဘက်တွင် ရန်ကုန်မြစ်ဝ၊ မြောက်ဘက်တွင် ရန်ကုန်မြစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိရာ ရန်ကုန်မြစ်မှ တစ်ဆင့် ပင်လယ်မှ ဝင်ရောက်လာသော ရေငံများ ချောင်း၊ မြောင်းများအတွင်း စီးဝင်လေ့ရှိပြီး ရေချိုအရင်းအမြစ် မရှိသည့် ဒေသတစ်ခုပင်ဖြစ်သည်။  

 

ခနောင်ရေထိန်း တံခါးသည် ဒလမြို့နယ် အရှေ့ဘက်ခြမ်းရှိ ခနောင်ချောင်းပေါ်တွင် ဆောက်လုပ် ထားပြီး ၄ ပေ x ၆ ပေ အကျယ်ရှိ ရေတံခါးပေါက် ၃ ပေါက်ပါရှိသော ရေတံခါးတစ်ခုဖြစ်ကာ ရန်ကုန်မြစ်တွင် အမြင့်ဆုံး ဒီရေတက်ရောက်လာပါက ချောင်းမြောင်းများအတွင်း ဆားငံရေ ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်၊ နုံးအနည်ထိုင်ပို့ချမှုလျော့ချစေရန်နှင့် မိုးနှောင်းကာလ၌ ရေချိုသိုလှောင် ထားရှိပြီး ဆောင်းသီးနှံ နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် တည်ဆောက်ခြင်း ဖြစ်သည်။

 

အဆိုပါ ခနောင်ရေထိန်းတံခါးတည်ဆောက်ခြင်းကြောင့် ခနောင်ရှမ်းစုကျေးရွာ၊ ခနောင်ဓနိတော ကျေးရွာ၊ ခနောင်ရွာမကျေးရွာ၊ ခနောင်တောထဲကန်ကျေးရွာ၊ ခနောင်ချောင်းဝကျေးရွာ၊ ခနောင်မီးခြစ်စက် ကျေးရွာနှင့် ခနောင်အထက်ကျေးရွာ တို့ရှိ  လယ်မြေ ဧကပေါင်း(၂၀ဝ၀) ကျော်ကို ရေကြီးရေလျှံမှု ဘေးမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိုးရာသီ ရေသိုလှောင်မှုဖြင့် နွေစပါး စိုက်ပျိုးမှု၊ ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန် မျှော်မှန်းထားရှိကြောင်း၊  ယခင်က ရခိုင်ချောင်းရေထိန်းတံခါးမှ ရေချိုသိုလှောင်မှုဖြင့် သရောတန်း ကျေးရွာ၊ ကျွဲလူးအိုင်ကျေးရွာ နှင့် သမ္ဘာန်ချောင်း ကျေးရွာတို့ရှိ လယ်မြေများကိုသာ   နွေစပါးသီးနှံစိုက်ပျိုး ထုတ်လုပ် နိုင်ပြီး၊ ခနောင်ရေထိန်း တံခါးတည်ဆောက်ပြီးစီးသွားပါက ခနောင်ကျေးရွာ(၇)ရွာအတွင်းရှိ တောင်သူဦးကြီး များ၏ လယ်ယာမြေများအတွက် နွေစပါးသီးနှံများ ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းသူဟန်  က ပြောကြားခဲ့သည်။  

 

ထို့အတူ ဒလမြို့နယ်၌ မိုးစပါးစိုက်ပျိုးသော တောင်သူဦးကြီးများ၏ လယ်ယာမြေအတွင်း ရေကြီးရေလျံမှု မဖြစ်ပေါ်စေရေးအတွက်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း ၁၄ ခု၊ အရှည်အားဖြင့် (၃၆.၁၂)မိုင်၊   ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်း လုပ်ငန်း(၁၀)ခု၊ အရှည် (၃၀.၄၅)မိုင်  နှင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်း လုပ်ငန်း(၁)ခု၊ အရှည် ( ၁.၆၀) မိုင် ကို  ပြန်လည်တူးဖော်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ခနောင်ရှမ်းစု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော် က  “ ခနောင်ရေထိန်းတံခါး တည်ရှိတဲ့ ခနောင်ရှမ်းစု ကျေးရွာအုပ်စုမှာ  ခနောင်ဓနိတောကျေးရွာ အပါအဝင် လယ်မြေ(၁၁၂၅)ဧကရှိပါတယ်၊ ရေထိန်းတံခါး တည်ဆောက်ပေးမှုကြောင့် ပထမဦးဆုံးအနေနဲ့ ဒေသခံတောင်သူဦးကြီးများရဲ့ လယ်ယာမြေတွေ ရေကြီးရေနစ်မြုပ်မှု မဖြစ်ပေါ်တော့ဘူး၊  လာမယ့်နှစ် နွေရာသီမှာဆိုရင်လည်း လယ်ထဲက ပိုလျှံတဲ့ရေတွေကို ချောင်း၊ မြောင်းအတွင်းက တစ်ဆင့် ရေတံခါးထဲကို သိုလှောင်ပေးနိုင်မှာ ဖြစ်လို့၊  ချောင်း၊ မြောင်းနဲ့နီးစပ်တဲ့ နေရာတွေမှာ ရေလုံလုံ လောက်လောက်ရနိုင်မှာပါ၊ အဲ့ဒီအချိန်မှာ နွေစပါးစိုက်ပျိုးနိုင်မယ်၊  ပဲစိုက်မယ်၊ သစ်သီးဝလံတွေ စိုက်ပျိုးမယ့် တောင်သူတွေရှိပါတယ်၊ အရင်က တစ်သီးစားပဲ စိုက်ပျိုးနိုင်တာ၊ အခု နှစ်သီးစား စိုက်ပျိုးနိုင်တော့မှာဖြစ်လို့ အတိုင်းမသိဝမ်းသာပါတယ် ” ဟု ပြောသည်။

 

ဒလမြို့နယ်၌ ချောင်းကောများ တူးဖော်ရန် ကျန်ရှိနေသည့်  ရှမ်းကန်ချောင်း (ဝ.၄၂)မိုင်၊  စစ်ပင်ရိုးချောင်း (၁.ဝ၆)မိုင်၊ ဖိုးချိုရိုးချောင်း (ဝ.၈၉)မိုင်၊ လိပ်ကုန်းချောင်း(၁.၅)မိုင်၊ ပျော်ဘွယ်ကြီးစံပြ ကျေးရွာ ရွာတွင်းချောင်း (ဝ.၉၅)မိုင် နှင့် ကမာအောင်ချောင်းသွယ် (ဝ.၉၅) မိုင် စသည့် ချောင်းများကို  တူးဖော်ပေးနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ရန်ပုံငွေတင်ပြ တောင်းခံပြီး ရရှိသော ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒလမဲဆန္ဒနယ်မှ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ)ဦးမြသိန်း ထံမှ သိရသည်။

 

ဒလမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ်ကြုံတွေ့နေရသော လယ်မြေများ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးစပါးများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့်  ဒေသခံတောင်သူလယ်သမားကြီးများ၏ အခက်အခဲဒုက္ခများကို ဖြေလျော့ ဆောင်ရွက်ပေးနိုင်ရေးအတွက်  ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ခြင်းနှင့် ရေတံခါးများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ထို့အတူ ကမာအောင်ရေထိန်းတံခါး အသစ်တည်ဆောက်နိုင်ရေးအတွက်   ဘူမိဗေဒ စမ်းသပ်ခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် တင်ပြတောင်းခံထားပြီး၊ စမ်းသပ်မှုက ရရှိသော အခြေအနေ ပေါ်မူတည်၍ ဒီဇိုင်းပုံစံရေးဆွဲပြီးမှ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာ ထားတင်ပြထားကြောင်း ဒလမဲဆန္ဒနယ် မှ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ) ဦးမြသိန်းက ဆက်လက်၍ ပြောကြားခဲ့သည်။

 

ဒလမြို့နယ်၌ လယ်ယာမြေပေါင်း(၄၆၈၂၁)ဧက ရှိပြီး၊ ယခင်က ရခိုင်ချောင်ရေထိန်းတံခါးမှ  ရခိုင်ချောင် ချောင်းအတွင်း  ရေချိုသိုလှောင်မှုဖြင့် နွေစပါး (၇၇၁)ဧက ကိုသာ စိုက်ပျိုးနိုင်ခဲ့ရာ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလ၌ ရေချိုရရှိမှုအပေါ်မူတည်၍  နွေစပါး ဧကပေါင်း(၂၀ဝ၀)ခန့်  လျာထားစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသူ ထံ မှ သိရသည်။

 

 

သတင်းဆောင်းပါး-နိုင်လင်းကျော်(ဒလ)