ရန်ကုန်၊ ၂၆ ဒီဇင်ဘာ

   

တိုးတက်လာသော စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ခေတ်မီစက်ကိရိယာများဖြင့် မီးငြိှမ်းသတ် လက်တွေ့လေ့ကျင့်ခြင်းများအား မီးသတ်တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဓါတုဗေဒ မီးငြိှမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြိှမ်းသတ် လေ့ကျင့်မှုကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

  

လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးမှ ဦးဆောင်ကာ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အထူးမီးသတ်ယာဉ်ဖြစ်သည့် Dry Chemical Powder Foam Fire Truck (နှစ်မျိုးသုံး) ဓါတုဗေဒ မီးငြိှမ်းသတ်ယာဉ်၏ လုပ်ဆောင်ချက်များနှင့် အသုံးပြုပုံ၊ မီးငြိှမ်းသတ် နည်းစနစ်များအား  လက်တွေ့လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဓါတုဗေဒ မီးငြိှမ်းသတ်ယာဉ် (Chemical Firefighting Truck) သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ ဆေးရုံများ၊ လူနေအိမ်များနှင့် အခြားနေရာများတွင် ရေဖြင့် မီးငြိှမ်းသတ်မရသည့် ဓာတုဗေဒ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ထိရောက်စွာ မီးငြိှမ်းသတ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်စခန်းတွင် အသင့်အနေအထားဖြင့် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

  

ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအား ခေတ်မီစက်ကိရိယာများဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မီးလောင်မှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁၊ ၀၅၆ ၂၁၅၀၂၊ ၀၅၆ ၂၁၀၅၈ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)