တံတား ၁ အောက်တိုဘာ  

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် Community Based Facility Quarantine Center (ပြည်သူ့အခြေပြု သတ်မှတ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရာနေရာ) တွင် အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာနှင့် တိုက်ရိုက်ဆက်စပ်သူ ၁၅ ဦးကို စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တံတားမြို့ ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသလျက်ရှိသော သံသယလူနာ(၂)ဦးကို နှာခေါင်းတို့ဖတ် (Nasal Swab) အဖြေယူခဲ့ရာ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမျိုးသမီး၏ အဖြေမှာ (ပိုးတွေ့ရှိ) ကြောင်း သိရသည်။

 

အဆိုပါ အတည်ပြုလူနာအား ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆက်လက် ဆေးကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်၍ အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများကို Facility Quarantine (အ.ထ.က တံတား) တွင် နှာခေါင်းတို့ဖတ် (Nasal Swab) နမူနာများရယူ၍ ဓာတ်ခွဲ စစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)