သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး
ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားစရာ ပြပွဲများဖြင့် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် (၁၁၃) နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်မှစ၍ သုံးရက်တိုင် ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် (၁၁၀) နှစ်ပြည့် အခမ်းအနားမှ စ၍ ယခုနှစ်ထိ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲတော်တွင် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကိုကျင်းပခဲ့ကာ ယခုနှစ် တွင် ကျောင်းသား ကျောင်းသူလေးများ၏ အကပဒေသာ၊ မျက်လှည့်ပညာနှင့် ဆပ်ကပ်ပွဲများ ထည့်သွင်းထားရှိကာ ပညာပေးအစီအစဉ်များဖြစ်သော ဂိမ်းများ၊ ဆင်လိမ္မာ၊ မျောက်လိမ္မာအကများ၊ တိရိစ္ဆာန်များနှင့် ဓာတ်ပုံတွဲရိုက် သော အခမဲ့အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။
ထူးခြားသောအစီအစဉ်များပါဝင်
သုံးရက်မြောက် နောက်ဆုံးနေ့(တနင်္ဂနွေနေ့)တွင် အဆို တော် ဟဲလေး၊ အိမ့်ချစ်နှင့် အခြားအဆိုတော်များ သီဆို ဖျော်ဖြေမှုနှင့်အတူ သိန်းငှက်လိမ္မာပြပွဲကိုလည်း ထူးခြားသော အစီအစဉ်များဖြင့် ပြသွားမည် ဖြစ်ပြီး ယမန်နှစ် (၁၁၂)နှစ်ပြည့် ပွဲတော်တွင် ပရိသတ်သုံးသောင်းကျော် လာရောက်ကြည့်ရှု၍ ယခုနှစ်တွင် ထူးခြားသော အစီအစဉ်မျာဖြင့် ပရိသတ်ပိုမို လာရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ရှေးမူမပျက်စီမံထား
“ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကြီးက နှစ်ပေါင်းရာကျော်သွား ပြီဆိုတော့ ရှေးဟောင်း တိရိစ္ဆာန်ဥယျာဉ်ဆိုရင်လည်း မမှားပါဘူး။ ရှေးမူလည်းမပျက်အောင် အထူးဂရုစိုက်ပြီး ခေတ်နဲ့အညီလည်းဖြစ်အောင် စီမံထားပါတယ်။ ဒီနှစ် (၁၁၃) နှစ်ပြည့်ပွဲမှာ ပရိသတ်ငါးသောင်းကျော် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မနှစ်ကထက် ပိုပြီးစည်ကားမှာပါ”ဟု ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၏ စီမံမန်နေဂျာ ဦးမျိုးကျော်သူက ပြောသည်။
တိရိစ္ဆာန်မျိုးစုံတွေ့ မြင်နိုင်
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၁၁၃ နှစ်ရှိပြီဖြစ်ရာ မြန်မာပြည်တွင် ကိုလိုနီလက်ထက်က တည်ဆောက်ဖွင့်လှစ်ခဲ့သော တိရိစ္ဆာန်ဥယျာဉ်ကြီးတစ်ခုအဖြစ်တွေ့ မြင်နိုင်သည့်အပြင် ရန်ကုန်မြို့၏ အရိပ်အာဝါသ ကောင်းမွန်သော စိမ်းစိုအေးချမ်းရာ နေရာတစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် ၏ ၁၁၃ နှစ်ပြည့်ပွဲတော်တွင် မျိုးစိတ်ပေါင်း ၁၅၀ဝ ကျော်နှင့် ပြခန်းပေါင်း ၅၀ ကျော်မှ တိရိစ္ဆာန်မျိုးစုံကို တွေ့မြင်ရမည်ဖြစ်ပြီး ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။
မြန်မာ့အလင်း