နေပြည်တော်  ၁  ဇွန်

 

ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်တွင် မြန်မာအမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအား အသွားအလာ ကန့်သတ် သီးခြားစောင့်ကြည့်ထားလျက်ရှိပြီး အဆိုပါ တပ်မတော်သားများ၏ နှာခေါင်း တို့ဖတ်၊ အာခေါင် တို့ဖတ်များ ရယူ၍ ၎င်းနေ့တွင်ပင် ပထမအကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရသည်။

 

၂၀၂၀ ပြည့်နှစ် မေ ၃၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အဆိုပါ တပ်မတော်သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အရပ်သား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၈ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းတပ်မတော်သားများအား ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ အမျိုးသားဓာတ်ခွဲဌာန(NHL)သို့ ပေးပို့စမ်းသပ် စစ်ဆေးရာ ဇွန် ၁ ရက် နံနက် ၇ နာရီခွဲတွင် ဓာတ်ခွဲ အတည်ပြုထုတ်ပြန်ချက်အရ အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရှိရသည်။

 

၎င်း အရာရှိ၊ စစ်သည်များအား တပ်မတော်က ကိုဗစ်-၁၉ ရောဂါ အထူးကုသရန် ကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

 

၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်