ရန်ကုန် ဧပြီ ၁

 

ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။

 

ဆောင်ရွက်လျက်ရှိ

 

ထိုသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း မြို့တော်ခန်းမရှေ့ ရန်ကုန်မြို့တော်မဟာသင်္ကြန် ဗဟိုဖျော်ဖြေရေးမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် လျက်ရှိသည်။

 

အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပမည့် ယိမ်းအက ပြိုင်ပွဲတွင် မူကြိုကျောင်းများက ၁၂ ဦးယိမ်း၊ အခြေခံကျောင်းများက ၁၂ ဦးယိမ်းနှင့် ၁၆ ဦးယိမ်း၊ ရုံးနှင့် အခြားဌာနများက ၁၂ ဦးယိမ်းနှင့် ၁၆ ဦးယိမ်း၊ အလွတ်တန်းအဖြစ် ၂၀ ဦးယိမ်း၊ အမျိုးသားအလွတ် တန်းအဖြစ် ၁၂ ဦးယိမ်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများကို သီးခြားကျင်းပပေးမည်ဖြစ်ပြီး မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ် နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြ ဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ​

 

အောင်မြင့်(ပြန်/ဆက်)