ရန်ကုန်  ၂၂   ဇွန်   

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန် ၂၂ ရက် ယနေ့မှစတင်ကာ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဖြန့်ဖြူးပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

 

ထုတ်ပြန်ချက်အပြည့်အစုံမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန်လ ၂၂ ရက်နေ့မှ စပြီး လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ တတိယပတ်မှစ၍ ဓာတ်အားသုံးစွဲမှု တိုးတက်များပြားလာကြောင်း၊ ဓာတ်အားထုတ်လုပ်မှုမှာလည်း လျော့နည်းကျဆင်းလာသည်ဖြစ်သောကြောင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် အလှည့်ကျဝန်အားလျှော့ချခြင်းများကို စတင်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ ဝန်အား လျှော့ချဆောင်ရွက်လျက်ရှိရာတွင် မေလအတွင်း ၆၀ဝ မဂ္ဂါဝပ်မှ ၈၀ဝ မဂ္ဂါဝပ်ခန့်ကို လျှော့ချခဲ့ရပါကြောင်း၊ ဓာတ်အားရရှိမှု အခြေအနေအရ ပြည်သူများအတွက် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ရပါကြောင်း သိရှိရသည်။

 

ယခုအခါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အများပြည်သူနှင့် စက်မှုလက်မှု လုပ်ငန်းများ၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေး ၊ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး၊ ပြည်သူများ စိတ်ကျေနပ်မှု ရှိစေရေးတို့အတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် မိုးဦးရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှာလည်း ဓာတ်အားများ တိုးတက်ထုတ်လုပ်ပေးနိုင်မည့် အလားအလာများ ရှိလာပြီးဖြစ်ပါကြောင်း သိရသည်။

 

သို့ဖြစ်၍  ရန်ကုန်တိုင်းဒေသကြီး၏ ခရိုင်နှင့် မြို့နယ်များတွင် ဇွန် ၂၂ ရက်နေ့မှစ၍ အလှည့်ကျ ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်မှု မပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်များအတွင်း မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမည့် အရေးပေါ်အခြေအနေမျိုး၌ ဓာတ်အားပိတ်ချိန်အနည်းဆုံးဖြင့် ယာယီဓာတ်အားပိတ်ပြီး ပြုပြင်ဖြည့်စွက်ဆောင်ရွက်မည့် လုပ်ငန်းများသာ ရှိမည်ဖြစ်ပါကြောင်း လျှပ်စစ်မီးသုံးစွဲသူ ရန်ကုန်မြို့နေ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားထားကြောင်း သိရှိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)