ရန်ကုန်တိုင်းအတွင်း ပဲတီစိမ်း ၃၅၈၈၃၃ ဧက စိုက်ပျိုးထားရာ ၁၆၃၉၃၇ ဧက ခူးဆွတ်ထား

ရန်ကုန် မတ် ၃၀

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံသီးနှံဧက ၄ သိန်းကျော် စိုက်ပျိုးရာ၌ ပဲတီစိမ်း ၃၅၈၈၃၃ ဧက  စိုက်ပျိုးခဲ့ပြီး ၁၆၃၉၃၇ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် ပျမ်းမျှအားဖြင့် ၁၄ ဒသမ ၆၂ တင်းထွက်ရှိခဲ့၍ ဧပြီလအထိ ပဲတီစိမ်းများကို ခူးဆွတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူအချို့ နေကြာကိုစမ်းသပ်စိုက်ပျိုးကြခြင်း၊  ရာသီဥတုအခြေအနေကြောင့် ပဲတီစိမ်းစိုက်ပျိုးရန် မြေပြုပြင်မှုနောက်ကျခြင်းတို့ကြောင့် ယခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု ယမန်နှစ်ထက် အနည်းငယ်လျော့သွားသော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိုးမြှင့်စိုက်ပျိုးထားရာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် စိုက်ပျိုးထွက်ရှိလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှအားဖြင့် ပဲတီစိမ်း တစ်ဧကလျင် ၁၄ ဒသမ ၆၂ တင်း ထွက်ရှိလျက်ရှိပြီး ယမန်နှစ်က ပဲတီစိမ်းတစ်ဧကလျင် ၁၄ ဒသမ ၉၃ တင်း ထွက်ရှိသောကြောင့် တိုင်းဒေသကြီးအတွင်း တင်းပေါင်း ၅၃ သိန်း ကျော်ထွက်ရှိခဲ့သည်။

“နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ ပဲတီစိမ်းနဲ့ နွေစပါးကို စိုက်ပျိုးခဲ့တာရှိတယ်။ ပဲတီစိမ်းဆိုရင် မြို့နယ်ပေါင်း ၁၁ မြို့နယ် စိုက်ပျိုးခဲ့ပြီးတော့ မြေပဲ၊ နှမ်းနဲ့နေကြာဆိုရင် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ စိုက်ပျိုးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ထွက်ရှိတဲ့ ပဲတီစိမ်းကို EU ကိုပို့တာရှိတယ်။ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဆိုရင် GAP နည်းစနစ် စနစ်နဲ့‌အောင်မြင်နေကြတယ်။ ပဲတီစိမ်းကို တောင်သူတွေလည်း အားပြုစိုက်ပျိုးခဲ့ကြသလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ ပံ့ပိုးပေးထားကြောင့် နောင်နှစ်တွေမှာလည်း ဆက်လက်စိုက်ပျိုးနိုင်အောင် ယခုထဲကစာရင်းပြုစုနေကြပါပြီ။ လာမယ့်နှစ်တွေမှာလည်း ရန်ကုန်တိုင်းမှာ ပဲတီစိမ်းကို ဧကတိုးမြှင့်စိုက်ပျိုးသွားဖို့ ကြိုးစားသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည် က ပြောသည်။

နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး၊ ဆောင်းနေကြာနှင့် ပဲတီစိမ်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်ခဲ့ပြီး  ပဲတီစိမ်းစိုက်ပျိုးမှုမှာ အားကောင်းလျက်ရှိရာ ပြည်တွင်းစားသုံးလျက်ရှိသည့် ပဲပင်ပေါက်၊ ပဲတီစိမ်းမှထုတ်လုပ်သော စားသောက်ကုန်များနှင့် ပြည်ပပို့ကုန်အဖြစ်  စိုက်ပျိုးရေးကဏ္ဍတွင် အားထားရသော သီးနှံတစ်ခုအဖြစ် ရပ်တည်လျက်ရှိ၍ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပဲတီစိမ်း ဧက ၃ သိန်းခွဲကျော် စိုက်ပျိုးထားရာ၌ ဧက ၁၆၃၉၃၇ ခူးဆွတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး                                                                                                    ညိမ်းသူ(သတင်းစဉ်)