ရန်ကုန် ၂၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က “ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်အား ယနေ့စတင်ပြေးဆွဲပြီး ခရီးစဉ်တစ်ခေါက် အသွား(၂)ရက်ကြာမယ်။ ဟိုမှာ (၂)ရက်နေမယ်။ အပြန်(၂)ရက်ကြာမယ်။ (၆)ရက်ခရီးစဉ်အတွက် သိန်း(၂၀၀) ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီကုန်ကျမှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ ရန်ပုံငွေထဲကနေကျခံပြီး သုံးစွဲပေးမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ပြေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ရှုံးနိုင်တယ်။ ဒါပေမယ့် ဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိတဲ့သူတွေ သွားလာရေးအဆင်ပြေစေရန်နှင့် ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိုရှေးရှုပြီး ပြေးဆွဲပေးတာဖြစ်ပါတယ်”ဟု ပြောကြားသည်။
ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်အား လတစ်လ၏ ပထမအပတ်တိုင်းတွင် ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားကြောင်း၊ နောင်တွင် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအား များစွာအထောက်အကူပြုမှာဖြစ်ပြီး ကိုကိုးကျွန်း၌ ဆိုလာဖြင့် (၂၄)နာရီ မီးရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲရန် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြေးဆွဲမည့် သင်္ဘောအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု၍ ခရီးသည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)