ရန်ကုန် ၃ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ကြီးမှူးကျင်းပသော ၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူး တရားအလှူတော် ဓမ္မပူဇာသဘင် (တတိယနေ့) ကို ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ယနေ့ ညပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက “နာနာတိတ္ထိယ သုတ္တန်တရားတော်” ကို ဟောကြားတော်မူရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားနာပရိတ်သတ် တစ်သိန်းကျော် တက်ရောက်နာယူကြည်ညိုကြသည်။

 

mdn

 

နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လေးကြိမ်မြောက် တရားအလှူတော် ကျင်းပခြင်း ဖြစ်ပါတယ်။ ဒီလိုနှစ်သစ်ကူး အချိန်အခါမှာ ဆရာတော်ကြီးတွေရဲ့ ဆုံးမသြဝါဒတွေကို တိုက်ရိုက် ဖူးမျှော်ကြည်ညိုခွင့်ရဖို့အတွက် အားလုံးက စိတ်ဓာတ်ခွန်အားပြင်းပြစွာနဲ့ လာရောက်ကြတာ ဖြစ်ပါတယ်။ တရားနာပရိတ်သတ်တွေ အဆင်ပြေစွာ လာရောက်နိုင်ဖို့ ကြို/ပို့ယာဉ်တွေကိုလည်း ကော်မတီက ဆောင်ရွက်ပေးထားပါတယ်။ ဒီတရားပွဲဟာ ရန်ကုန်တိုင်းအတွင်းမှာ ကျင်းပတာဖြစ်ပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလည်း တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ အားလုံးနာယူ ကြည်ညိုလို့ရအောင်ရုပ်/သံ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ပြုလုပ်ပေးထားပါတယ် ဟုပြောသည်။

နှစ်သစ်ကူး တရားပွဲတော်တွင် စေတနာရှင်များက စတုဒီသာလှူဒါန်းမှုများကို ပြုလုပ်ကြသည့်အပြင် တရားနာ ပရိတ်သက်များအတွက် ကျန်းမာရေးစောင့်ရောက်မှုများကို သက်ဆိုင်ရာနှင့်အတူ  ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေး အသင်းအဖွဲ့များကလည်း အခမဲ့ဆေးဝါးစောင့်ရှောက်မှု ဆေးကုသခန်းများ ဖွင့်လှစ်ကာ ပါဝင်ဆောင်ရွက်ပေးကြသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တရားပွဲသို့လာရောက် နာယူကြည်ညိုကြမည့် တရားနာ ပရိတ်သတ်များ သွားလာမှု အဆင်ပြေစေရန် အခမဲ့ YBS ကြို/ပို့ ယာဉ်များကို သက်ဆိုင်ရာ စုရပ်များအလိုက် စီစဉ်ဆောင်ရွက်ပေးထားသည့်အပြင် စေတနာရှင် ပြည်သူတို့ကလည်း မိမိတို့၏ ရပ်ကွက်များ၊ လမ်းများအတွင်းမှ စုပေါင်း၍လည်းကောင်း၊ စေတနာရှင် အငှားယာဉ်မောင်းများကလည်း  အခမဲ့ လိုက်ပါပို့ဆောင်မှုများ ပြုလုပ်၍လည်းကောင်း၊ တရားနာ ပရိတ်သတ်များ သွားလာမှု အဆင်ပြေစေရန် ဆောင်ရွက်ပေးကြသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက် မှ တရားနာပရိတ်သတ် ဒေါ်မိုးမိုးက “နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ တရားပွဲလည်းဖြစ်တယ်။ ဆရာတော်ကြီးတွေကိုလည်း ကြည်ညိုတဲ့အတွက် အခုလိုလာရောက်ရတာပါ။ အရင်နှစ်တွေတုန်းက မလာဖူးပါဘူး။ ဒါပထမဆုံး အကြိမ်ပါ။ အလှူအတန်းတွေနဲ့ လူငယ်တွေရဲ့ လုပ်အားဒါနတွေကိုမြင်တွေ့ရတော့ ဝမ်းသာကြည်နူးမိတယ်။ နှစ်ဦးတရားပွဲတော်ရဲ့ အကျိုးကျေးဇူးကတော့ ထူးခြားပါတယ်။ ဆရာတော်ကြီးတွေပေးတဲ့ တရားတွေလည်းရတယ်။ အသိပညာ၊ ဗဟုသုတတွေလည်းရတယ်။ လှူတဲ့သူတွေလည်းပေါများတာ မြင်ရတော့ စိတ်ချမ်းသာဖို့ကောင်းတယ် ဟုပြောသည်။

 

mdn

 

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှ တရားနာပရိတ်သတ် ကိုသန်းထိုက်က “တစ်နှစ်မှာတစ်ခါလောက် ဖူးရခဲတဲ့ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေကို နာယူချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း တရားပွဲလိုက်ချင်တဲ့ အိမ်နီးချင်းတွေကို ကားနဲ့ခေါ်ခဲ့တယ်။ ဆရာတော်ကြီးတွေရဲ့ တရားတွေကိုလည်း တစ်နေရာတည်းမှာ ပြည်သူအများ စုပေါင်းနာယူနိုင်သလို စေတနာရှင်တွေရဲ့ သဒ္ဒါတရားတွေ၊ အလှူဒါနတွေကိုလည်း မြင်တွေ့နိုင်တဲ့အတွက် အင်မတန် ဝမ်းမြောက်ကြည်နူးဖို့ ကောင်းပါတယ်။ တဒင်္ဂတစ်ခဏမှာ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းငြိမ်းသွားသလိုခံစားရတယ်ဟုပြောသည်။

နှစ်သစ်ကူး အချိန်အခါ သမယတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများ၏ ဆုံးမ သြဝါဒများကို ပြည်သူများ နာကြားခွင့်ရခြင်းအားဖြင့် တစ်နှစ်တာကာလအတွင်း မိမိတို့၏ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ အဆိုပါ နှစ်သစ်ကူး တရားအလှူတော် ဓမ္မပူဇာသဘင်ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင် ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပရာ ပထမနေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ကလည်းကောင်း၊ ဒုတိယနေ့တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ကလည်းကောင်း၊ ယနေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကလည်းကောင်း နှစ်သစ်ကူးတရားတော်များကို ဟောကြားခဲ့ကြောင်းသိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်