ရန်ကုန် ၂၇ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိအသင်း (မြန်မာနိုင်ငံ) နှင့် MBCF Foundation မြန်မာနိုင်ငံဖွား တရုတ်လူငယ်များ ပရဟိတအဖွဲ့တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ၊ Mask နှင့် Hand Sanitizer များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ပြည်သူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးစားခဲ့ပါတယ်။ အမျိုးသားအဆင့်ဗဟိုရဲ့ လမ်းညွှန်မှုများနဲ့အညီ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး ကဏ္ဍတွေကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ကူညီပံ့ပိုးပေးမှု မရှိဘဲနဲ့ ကျွန်တော်တို့ မဆောင်ရွက်နိုင်ပါဘူး။ ပြည်သူတွေရဲ့ လှူဒါန်းမှုမရှိဘဲနဲ့ ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနဲ့အတူ ကိုရီးယားနိုင်ငံ မိတ်ဆွေတွေရဲ့ ကူညီပေးမှု၊ ကျွန်တော်တို့ပြည်တွင်း အလှူရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်း တွေရဲ့ကူညီ ပံ့ပိုးပေးမှုနဲ့ ကျွန်တော်တို့ရဲ့ များစွာသော စိတ်ဓာတ်ခွန်အားကို ဖြစ်စေပါတယ်။ ကိုဗစ်-၁၉ ရောဂါကို ကုသနိုင်ရေးအတွက် ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှု၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေရဲ့ပံ့ပိုးကူညီမှုဟာ ဒီတိုက်ပွဲကို အောင်မြင်နိုင်ဖို့အတွက် များစွာအထောက်အကူ ဖြစ်ပါတယ်။ ဒီအတွက် လှူဒါန်းကူညီပံ့ပိုးပေးကြတဲ့ သူတွေအားလုံးကို အထူးပဲကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က လှူဒါန်းရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် Embassy of the Republic of Korean, Korean Association in Myanmar, SG Safety Myanmar တို့မှ ပေးအပ်လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ (၇၀၀၀၀) တန်ဖိုးရှိ Mask (၇၀၀၀၀)ခု၊ Hand Sanitizer (၁၂၀) ဘူးတို့ကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့က ငွေကျပ် အလှူငွေကျပ်သိန်း (၃၁၀)၊ အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိအသင်း(မြန်မာနိုင်ငံ) International Society for Krishna Consciousness (Myanmar) အသင်းသူအသင်းသားများက အလှူငွေကျပ်သိန်း (၁၀၀)၊ MBCF Foundation မြန်မာနိုင်ငံဖွား တရုတ်လူငယ်များ ပရဟိတအဖွဲ့မှ အလှူငွေကျပ် (၈၀၁၅၀၀၀) တို့ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန်အတွက် အလှူငွေ၊ Mask နှင့် Hand Sanitizer များ ပေးအပ်သည့်အခမ်းအနားတွင် စုစုပေါင်း ငွေသားနှင့် ပစ္စည်းတန်ဖိုး အမေရိကန် ဒေါ်လာ ၇၀၀၀၀၊ ငွေကျပ် ၄၉၀၁၅၀၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..ဖိုးထောင်


