နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
ရန်ကုန်၊ မေ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်းရှိ ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေမှ လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးထားရှိမှု၊ MSME Member Card များ ထုတ်ပေးထားရှိမှု၊ သီလဝါအထူး စီးပွားရေးဇုန်တွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်သူ့ လုံခြုံရေး ကြီးကြပ်မှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု စသည့်အခြေအနေများနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ကျင်းပပြုလုပ်မည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့် အကျုံးဝင် သူများအား စနစ်တကျစိစစ်ရွေးချယ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပန်းခင်းစီမံချက်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်အတွက် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တင်ပြချက်များအရ စိုက်ပျိုးရေးလုပ်ငန်း၌ နွေစပါးစိုက်ပျိုးမှုတွင် မျိုးစေ့ချကိရိယာ Seeder ကို အသုံးပြု၍ စိုက်ပျိုးရာတွင် အထွက်နှုန်းပိုမိုကောင်းမွန်မှု ရရှိသည်ကို တွေ့ရှိရသဖြင့် နည်းစနစ်မှန်ကန်စွာဖြင့် အထွက်နှုန်းကောင်းအောင် အသိပညာပေးပြီး အောင်မြင်အောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ အားလုံးအတွက် မိမိတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှထွက်ရှိမှုများဖြင့် ဖူလုံအောင် ဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများက တင်သွင်းရန် မလိုအပ်သည်အထိ ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းအောင် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥစားကြက်၊ အသားတိုး ကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိမှုကို ကြည့်ပါက အကောင်ရေ ၁၇ သန်းမှ သန်း ၂၀ နီးပါးကြားဖြစ်၍ တွေ့ရှိရကြောင်း၊ အဆိုပါ မွေးမြူထားရှိမှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုစရိတ် လျှော့ရန်အတွက် တပ်မတော်သို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အစာစပ် စက်ရုံများ တည်ဆောက်၍ ကိုယ်တိုင်အစာထုတ်လုပ်သည့်စနစ်ဖြင့် ဆောင်ရွက်ပါက အစာဈေးနှုန်း ကုန်ကျစရိတ်မှာ ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနိုင်သည့်အပြင် မိမိကိုယ်တိုင် ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သလို ဆောင်ရွက်နိုင်သည့်အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုစရာမလိုသည့်အပြင် ဥ (၁) လုံးချင်း ထုတ်လုပ်မှုစရိတ် သက်သာစွာဖြင့် ထုတ်လုပ်နိုင်သဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကြက်၊ ဝက်၊ ငါး၊ ကျွဲ၊ နွား အစာများ ကိုယ်တိုင် အစာစပ် စက်ရုံတည်ဆောက် ထုတ်လုပ်နိုင်ပါက မွေးမြူရေးလုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင် ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း။
နိုင်ငံစီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၈ ဘီလီယံ ရှိရာ လုပ်ငန်းရှင်များသို့ ထုတ်ချေးငွေပမာဏသည် ၇ ဒသမ ၅ ဘီလီယံ ကျော် ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ထုတ်ချေးထားသည့် ချေးငွေများသည် လုပ်ငန်းအမှန်တကယ် လည်ပတ်မှုရှိရန်လိုကြောင်း၊ ချေးငွေချေးရာတွင် ကာလတိုချေးငွေ၊ ကာလလတ်ချေးငွေနှင့် နှစ်ရှည်ချေးငွေများရှိပြီး ချေးငွေများအပေါ် မူတည်၍ ချေးယူထားသည့် လုပ်ငန်းရှင်များကလည်း လုပ်ငန်းများ မှန်မှန်ကန်ကန် အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ချေးငွေရယူ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိ မျက်ခြေမပြတ် သိရှိနိုင်ရေး စစ်ဆေးသွားရန် လိုကြောင်း၊ ထိုသို့လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်မှသာ ချေးငွေများ ပြန်လည် ပေးဆပ်နိုင်မည်ဖြစ်ပြီး အဆိုပါရရှိသည့် ငွေများကိုထပ်မံ၍ အခြားသော ငွေကြေးလိုအပ်ချက်ရှိသည့် လုပ်ငန်းများသို့ ထပ်မံချေးငွေများ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း။
ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ မဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀) နှစ်တွင် တစ်ကြိမ်သာ ကောက်ယူသည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ သန်းခေါင်းစာရင်း ကောက်ယူခြင်းသည် ဆန္ဒမဲပေးခြင်းနှင့် မတူညီကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံအတွင်း နေထိုင်သူအားလုံးနှင့် သက်ဆိုင်ပြီး သန်းခေါင်စာရင်း မှန်ကန်စွာ ကောက်ယူနိုင်မှုသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ အဆိုပါစာရင်းဇယားများ မှန်ကန်မှသာ မိမိနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို များစွာအထောက်အကူပြုမည်ဖြစ်သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင်လည်း လိုအပ်သလို စနစ်တကျ စီမံဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူသွားရန် လိုကြောင်း။
မကြာမီ မိုးရာသီရောက်ရှိလာမည်ဖြစ်သည့်အတွက် မိုးကြိုကာလ ဆောင်ရွက်ရမည့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာမြို့နယ်များ အလိုက်ကြီးကြပ်၍ လျာထားချက်နှင့် ပြည့်မီအောင် ကြိုတင်စီမံဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့အပြင် မိုးရာသီတွင် ကြုံတွေ့ရသည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ထားရှိရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများ အတတ်နိုင်ဆုံး ဖြစ်ပွားမှုမရှိစေရေး မပြတ်စီမံဆောင် ရွက်ကြရန်လိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မကြာမီတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် လာမည့် ပညာသင်နှစ်တွင် ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အတန်းစဉ်မပြတ် တက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း၍ စနစ်တကျ စီမံ ဆောင်ရွက်သွားကြရန် လိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စားသုံးဆီဖူလုံရေးအတွက် နေကြာနှင့် အခြား ဆီထွက်သီးနှံများကိုလည်း စနစ်တကျ စိုက်ပျိုးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍လည်း ယခုထက်ပို၍ ဆောင်ရွက်ရန်လိုအပ်ပြီး တစ်ပိုင်တစ်နိုင်မှ အလယ်အလတ် အဆင့်ထိ အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထုတ်ကုန် ပစ္စည်းများကိုလည်း သီလဝါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်၍ ဆောင်ရွက်မှုကြောင့် ဝင်ငွေများ ရရှိလျက်ရှိရာ ယခုထက်ပို၍ တိုးတက်အောင်မြင်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းမှ စားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မိမိဒေသ၌ ရောင်းချနိုင်ရေး ဦးမတည်ပဲ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်ပပို့ကုန်အမယ်သစ်များဖြင့် ထုတ်လုပ် တင်ပို့နိုင်ရေးကို အဓိကဦးတည်ချက်ထားပြီး မူဘောင်အတွင်းမှ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိစေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့အပေါ် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေး ကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းမှုနှင့်ပတ်သက်၍ ဥပဒေများ ထုတ်ပြန်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို ပျက်စီးလိုသည့် ပြည်ဖျက်မီဒီယာအချို့က ပြည်သူ့များ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် မဟုတ်မမှန် ကောလဟာလသတင်းများ ထုတ်လွှင့်လျက်ရှိသည်ကိုတွေ့ရှိရပြီး မိမိတို့အနေဖြင့် သတ်မှတ် ပြဋ္ဌန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အထောက်အကူဖြစ်စေရန်အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ်နိုင်ငံတော်မှခွဲဝေပေးသည့် ဘတ်ဂျက်ဖြင့်သာ မရပ်တည်ဘဲ မိမိတိုင်းဒေသကြီး၏ ရှာဖွေရရှိသည့် ဘတ်ဂျက်ဖြင့် ရပ်တည်နိုင်သည့်အထိ အဆင့်လိုက် အစီအမံကောင်းများ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် စီးပွားရေးဇုန်များအလိုက် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လစ်ဟင်းမှု မရှိစေရေး ရေ၊ မီး၊ အလုပ်သမားစသည့် ကိစ္စရပ်များကိုလည်း ချမှတ်ထားသည့် မူဘောင်အတွင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်