မကွေး  ၁၈   မေ

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ပြန်လာပြီး မကွေးမြို့၊ မြင်သာရပ်ကွက် ၂၂ လမ်း ၌ Home Quarantine နေထိုင်သူ အမျိုးသားတစ်ဦးအား ကျန်းမာရေးစစ်ဆေးမှုများ ခံယူနိုင်ရန် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင်၊ Isolation Ward သို့ ယနေ့ မေ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ပြောင်းရွှေ့ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

"သူက ရန်ကုန်ကပြန်လာပြီး Home Quarantine နေတုန်း နှာစေး၊ ချောင်းဆိုး ဖြစ်လာတာလို့ သိရတယ်။ ကျန်းမာရေးဌာနက အကူအညီတောင်းလို့ အိမ်ကနေ ဆေးရုံကို ပို့ပေးလိုက်ရတယ်'' ဟု KS ပရဟိတအဖွဲ့ဝင် ကိုဟိန်းသူထက်က ပြောသည်။

 

အဆိုပါ အသက် ၇၀ ကျော် အမျိုးသား၏ မိသားစုများမှာ အင်းစိန်တွင် ရှိနေပြီး သူက နေအိမ်တွင်တစ်ဦးတည်း လာရောက် နေထိုင်ခဲ့သူဖြစ်ကြောင်း၊ မကွေးမြို့သို့ မေ ၁၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နေအိမ်တွင် Home Quarantine ထားသူတစ်ယောက်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှ သိရသည်။

 

"ကျန်းမာရေးက အပူချိန်တိုင်းကြည့်တော့ ၉၇ ပဲရှိတယ်။ သာမန်ပါပဲ။ တစ်ယောက်တည်းလည်းနေတယ်။ အပူချိန်ကလည်း ပြင်းတော့ မောတယ်။ သူ့ကိုယ်သူ စိုးရိမ်လာတယ်။ သူကိုယ်တိုင် ဆေးရုံတက်ပါရစေလို့ ပြောလို့ ရပ်ကွက်အုပ်ချုပ်ရေးက ချိတ်ဆက်စီစဉ်ပေးတာပါ ။ လူတိုင်းက ကျန်းမာရေး အသိစိတ်နဲ့ စိုးရိမ်တယ်ဆိုရင် ဒီလိုလုပ်တာ ကောင်းပါတယ်'' ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောသည်။

 

KS ပရဟိတအဖွဲ့ကားဖြင့် ၄င်းကို ပို့ဆောင်ပြီးနောက် ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းနှင့် ရွှေရောင်လက်များ ပရဟိတအသင်းတို့က နေထိုင်ခဲ့သည့်နေအိမ်ကို ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ အသက် ၇၀ ကျော်အမျိုးသားမှာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်း သိရသည်။

 

ဇေယျတု(မကွေး)