နေပြည်တော် ဩဂုတ် ၃၀
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်း တို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများကို မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် အင်းစိန်ဗဟို အကျဉ်းထောင်အား ၆၀ မမ စိန် ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် Special Operation Force-SOF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ထွန်းထွန်းဟန်(ခ)ဝသုန်အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ် ၂၃ ရက်တွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် မြို့ရှောင်လမ်း ဘိုကလိုလမ်းသွယ်ရှိ STAR FAMILY တည်းခိုခန်း၌ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဟန် (ခ) ဝသုန်၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ကင်းစုရပ်ကွက်၌ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်း တို့ကိုလည်းကောင်း၊ ယင်းနေ့ ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီလမ်းအနီးရှိ (ဌ) ဈေး၌ အောင်ဇော်မြင့် (ခ) စစ်နိုင် နှင့် သန့်စင်တို့ကိုလည်းကောင်း၊ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် မြို့သစ် (ဂ) ရပ်ကွက် သရဖီလမ်း၌ မျိုးမင်းဇော် (ခ) ပါကျဲ ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဟန် (ခ) ဝသုန်၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဖန်ချက်စက်လမ်း၌ နေထိုင်သည့် ဆက်စပ်တရားခံ ထိန်လင်း၏ နေအိမ်ကိုသွားရောက်ရှာဖွေခဲ့ရာ ထိန်လင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး သံသယတရားခံများ ဖြစ်သည့် သူဇာသင်းနှင့် ဉာဏ်ထက်ဇံတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖြစ်စဉ်တွင် တရားခံကျားခုနစ်ဦး၊ မတစ်ဦး၊ စုစုပေါင်း တရားခံရှစ်ဦးတို့ကို ၆၀ မမစိန်ပြောင်း တစ်လက်မနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ထွန်းထွန်းဟန် (ခ) ဝသုန်နှင့် အောင်ဇော်မြင့် (ခ) စစ်နိုင်တို့သည် KNLA တပ်မဟာ ၆ တွင်လည်းကောင်း၊ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်းတို့သည် KNLA တပ်မဟာ ၇ တွင်လည်းကောင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ Special Operation Force (SOF) အမည်ခံ အကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ မေလတွင် NLD ပါတီမှ သန်လျင်မြို့နယ် လူငယ်တာဝန်ခံ၊ တရားခံပြေး ဝင်းကို (ခ) စံရှားမှ ခေါင်းဆောင်၍ အဖွဲ့ဝင် ၄၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ SOF အကြမ်းဖက် အဖွဲ့ဝင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် သူရိန် ခေါင်းဆောင်သော YZ၊ Hero၊ Lion တို့အပါအဝင် ၁၀ ဦးဖြင့် လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် သွေးအေး ခေါင်းဆောင်သော ဇော်ခါး၊ ကျောင်းဆရာ၊ ချိုတေး၊ အောင်အောင်၊ ကရင်လေးတို့အပါအဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ ဒလမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကြီး (ခ) RC ခေါင်းဆောင်သော ဝေယံ (ခ) အရှည်ကြီး၊ အာနိုး၊ ယက္ခ၊ ဂုမ္မာန်၊ အောင်ခန့်၊ ရှမ်းလေး၊ မီးလေးတို့အပါအဝင် ၁၀ ဦးဖြင့် လည်းကောင်း၊ အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် နိုဗာခေါင်းဆောင်သော အောင်ဇေယျာဝင်း၊ လွင်ဖုန်းအောင်၊ ဥက္ကာ၊ မှန်ကြီး၊ ကရင် (ခ) လူပျိုကြီး၊ ဒူဘိုင်း (ခ)မာဝီ၊ အရိုးနှင့် ထွန်းထွန်းဟန် (ခ)ဝသုန်တို့အပါအဝင် ၁၀ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖော်ထုတ်သိရှိ
SOF အမည်ခံအကြမ်းဖက် အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ် စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး တရားခံပြေး ဝင်းကို (ခ) စံရှား၏ စေခိုင်းချက်အရ အင်းစိန်ဗဟိုအကျဉ်းထောင် အား ၆၀ မမ စိန်ပြောင်းဖြင့် အောက်ပါအတိုင်း စီစဉ်ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်တွင် ထွန်းထွန်းဟန်(ခ)ဝသုန်၊ ပြည့်ဖြိုးပိုင်၊ မျိုးဇော် လင်းတို့သည် အင်းစိန် မြို့နယ်၊ ရွာမအရှေ့ ရပ်ကွက်၊ သရက်တော ကားမှတ်တိုင်၌ တရားခံပြေး ဝင်းကို (ခ) စံရှားထံမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ဗုံးသီးသုံးလုံးအား ယူဆောင်၍ အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်၊ သရဖီလမ်းရှိ ထွန်းထွန်းဟန် (ခ) ဝသုန် ၏နေအိမ်၌ ဝှက်ထားခဲ့ကြောင်း။
ဩဂုတ် ၂၁ ရက်တွင် ထွန်းထွန်းဟန် (ခ) ဝသုန် နှင့် အောင်ဇော်မြင့် (ခ) စစ်နိုင်တို့သည် အင်းစိန် ဗဟို အကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ရန် Scout ကြည့်ရှုခဲ့ကြောင်း။
ဩဂုတ် ၂၂ ရက်တွင် ထွန်းထွန်းဟန် (ခ) ဝသုန် ခေါင်းဆောင်၍ မျိုးဇော်လင်း၊ အောင်ဇော်မြင့် (ခ)စစ်နိုင်၊ ပြည့်ဖြိုးပိုင်တို့သည် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်ရှိ ဘောလုံးကွင်းသို့ သွားရောက်၍ အင်းစိန်ဗဟို အကျဉ်းထောင်ရှိရာ ဘက် သို့ ၆၀ မမ စိန်ပြောင်းဖြင့် ဗုံးသီးသုံးလုံးအား တပ်ဆင် ပစ်ခတ်ခဲ့ကြောင်း။
ထိုသို့ ပစ်ခတ်ခဲ့သော ကြောင့် တရားခံပြေး ဝင်းကို (ခ) စံရှားမှ တစ်ဦး လျှင် ငွေကျပ်နှစ်သိန်းအား K Pay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း။
အထက်ပါ ဖြစ်စဉ်အပြင် SOF အမည်ခံ အကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်ပါအတိုင်း ဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၀ ရက် တွင် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းပေါ်ရှိ ဇော်ဂျီလမ်း လုံခြုံရေးဂိတ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် လှိုင်မြို့နယ်၊ ဘူတာရုံအနီးရှိ ရထားလမ်းလွှဲ ပြုလုပ်သော Control Box အား လက်လုပ်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်