ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခု၌ ယနေ့နံနက် ၉ နာရီတွင် တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။ 

ယနေ့ သင်္ချာဘာသာရပ် ဖြေဆိုသောနေ့တွင် ကမာရွတ်မြို့နယ်၊ ခရမ်းမြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ကျောင်းသူ သုံးဦး ဆေးရုံမှဖြေဆိုခဲ့ကြပြီး မှော်ဘီမြို့နယ် အမှတ်(၁)အထက်တန်းကျောင်း စာစစ်ဌာန၌ ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦး၊ ရွှေပြည်သာမြို့နယ် အမှတ်(၃)အထက်တန်းကျောင်း စာစစ်ဌာန၌ ကိုယ်အင်္ဂါ မသန်စွမ်းသူ တစ်ဦး၊ ဒဂုံမြို့နယ် အမှတ်(၁)အထက်တန်းကျောင်း စာစစ်ဌာန၌ အမြင်အာရုံမသန်စွမ်းသူ သုံးဦး၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အထက်တန်းကျောင်း စာစစ်ဌာန၌ အမြင်အာရုံ မသန်စွမ်းသူ သုံးဦးတို့ဖြင့် စုစုပေါင်းရှစ်ဦးနှင့် အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနှစ်ဦးတို့လည်း ဖြေဆိုခဲ့ကြသည်။

၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade 12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်များနှင့် မေးခွန်းပုံစံများကို သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade 12 သင်ရိုးသစ်နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)