ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက်တို့တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း သတင်းအရ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ် အောင်မင်္ဂလာရပ်ကွက် အောင်သိဒ္ဓိဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးပေးခန်းသို့ရောက်ရှိရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ နေအိမ်ရှိအခန်းများအားလုံးနှင့် အိမ်သာများအား ကလိုရင်းဆေးရည်ဖြင့် ကြမ်းတိုက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်စေပြီး Water Purification Tablets များ ဖြန့်ဝေခြင်း၊ အလားတူ ရောဂါထပ်မံဖြစ်ပွားသူ ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွယ်အေးရပ်ကွက်အတွင်း အိမ်သာတည်ဆောက်သုံးစွဲမှုနှင့် ရေသုံးစွဲမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

အဆိုပါ နွယ်အေးရပ်ကွက်တွင် နေထိုင်ကြသူ အများစုသည် ကျူးကျော်နေထိုင်ခြင်းဖြစ်ပြီး အိမ်ခြေ ၁၆၆ အိမ်၊ လူဦးရေ ၆၄၆ ဦး နေထိုင်ကြပြီး ခြောက်ခန်းတွဲပါ ဘုံအိမ်သာ တစ်လုံး၊ သုံးခန်းတွဲပါ ဘုံအိမ်သာ တစ်လုံး၊ အခြားအိမ်သာ သုံးလုံးနှင့် သုံးရေအဖြစ် လက်နှိပ်တုံကင်ရေနှင့် မိုးရေအသုံးပြုကြပြီး သောက်ရေအဖြစ် ရေသန့်ဘူးများကိုအသုံးပြုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာကေတမြို့နယ် ထူပါရုံရပ်ကွက်နှင့် အနော်မာရပ်ကွက်တွင် ဂျိုးဖြူရေပေးဝေသည့်ပိုက် ပေါက်သည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် အနော်မာရပ်ကွက်ရှိ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားရာလမ်းရှိ နေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများ၊ အုတ်ကန်များအား Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်း၊ Water purification Tablets များခတ်ခြင်းနှင့် ဖြန့်ဝေခြင်း၊ ရောဂါဖြစ်ပွားသည့် နေအိမ်များမှ သောက်ရေနှင့် သုံးရေ ရေနမူနာများယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး အလားတူရောဂါ ထပ်မံဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုနိုင်ရေးအတွက် အနော်မာရပ်ကွက် လမ်းသစ်(၂)လမ်း ရတနာသီရိဓမ္မာရုံတွင် ဆေးခန်းဖွင့်လှစ်ထားရှိကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့် ဆေးရုံတက်လူနာ ရှစ်ဦး၊ ဆေးရုံပြင်ပ လူနာနှစ်ဦး၊ ကျန်းမာရေးဌာနမှ ကွင်းဆင်းကုသပေးစဉ် တွေ့ရှိခဲ့ရသော လူနာနှစ်ဦး စုစုပေါင်း ဝမ်းပျက်၊ ဝမ်းလျှော လူနာဦးရေ ၁၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် မဟုတ်ဘဲ ခုခံအား ကျဆင်းမှုရောဂါအခံရှိ၍ သေဆုံးခဲ့ကြောင်းနှင့် အဆိုပါရပ်ကွက်များအတွင်း ဆေးခန်းဖွင့်လှစ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား ဆောင်ရွက်ထားရှိကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သာကေတမြို့နယ် သာကေတအဝိုင်းတွင် မြို့နယ်နေပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်နေရာနှင့် ဧရာဝဏ်ရေပေးဝေရေးစခန်းနှင့် ရေဂါလန် နှစ်သိန်းဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)