ရန်ကုန်၊ ၄ ဒီဇင်ဘာ
We Love Yangon မှ ဦးဆောင်၍ မြေ ၇ ဧကခွဲ ကျယ်ဝန်းသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အခမဲ့ဆေးကုသနိုင်မည့် ဆေးရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဒုဥက္ကဋ္ဌ ဦးအရည်ကြို က ပြောသည်။
“ဆေးရုံကို ခုနစ်ဧကခွဲ မြေပေါ်မှာ အနယ်နယ်အရပ်ရပ်က လှူဒါန်းတဲ့ အလှူငွေတွေနဲ့ တည်ဆောက်မယ်။ ဆရာဝန်တွေကနေ ဦးစီးကွပ်ကဲပြီး ပြည်သူတွေ အခမဲ့ဆေးကုနိုင်တဲ့ ဆေးရုံကြီးဆောက်မယ်၊ ဘာနဲ့တူလည်းဆိုတော့ ဆရာတော်ကြီး တည်ဆောက်ထားတဲ့ ဇီဝိတဒါန သံဃာ့ဒါန ဆေးရုံပုံစံမျိုးတွေ လုပ်မယ်။ အဓိကကတော့ We Love Yangon သည် ရန်ကုန်မြို့မှာ နေထိုင်တဲ့ အနယ်နယ်အရပ်ရပ်ကလာတဲ့ သူတွေကော ရန်ကုန်မြို့မှာနေတဲ့ ပြည်သူတွေကော အားလုံးချစ်ကြည်ရင်းနှီးစွာနဲ့ ရန်ကုန်မြို့ကြီး သန်ရှင်းသာယာလှပ တိုးတက်စေဖို့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်” ဟု ဦးအရည်ကြို က ပြောသည်။
အဆိုပါ ဆေးရုံတည်ဆောက်မည့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ မြေ ခုနစ်ဧကခွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်ပြီး ပြည်သူလူထု အလှူငွေများဖြင့် We Love Yangon မှ ဦးဆောင် တည်ဆောက်သွားမည်ဖြစ်သည်။
လက်ရှိ ဆေးရုံတည်ဆောက်ရန်အတွက် ဒီဇိုင်းပိုင်း ထွက်ရှိလာပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း၊ ထို့ပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း We Love Yangon မှ အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းခိုင် က ပြောသည်။
“အမြန်ဆုံး အကောင်အထည်ဖော်သွားဖို့တော့ရှိတယ်။ အခု ကျွန်တော်တို့က ကော်မတီ စဖွဲ့ပြီ၊ ကော်မတီစဖွဲ့ပြီးတော့ လုပ်ငန်းတွေ စတင်ဖို့အတွက် ဒီဇိုင်းပိုင်းတွေကြည့်တယ်၊ တည်ဆောက်ရေး လုပ်ငန်းတွေကို ဒီဇင်ဘာ ၃ ရက်နေ့ကပဲ အစည်းအဝေး စလုပ်ကြတယ်” ဟု ဦးဇော်ဝင်းခိုင် က ပြောသည်။
လက်ရှိ We Love Yangon အနေဖြင့် ကိုဗစ် - ၁၉ ဖြစ်ပွားနေသော ကာလအတွင်း အလှူရှင်များ လှူဒါန်းသည့် ငွေများကို အလှူရှင်များကိုယ်စား လိုအပ်သည့် နေရာများတွင် ပြန်လည်လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် Fortune Plaza အား We Love Yangon Happy Covid Center အဖြစ် ငွေကျပ် သိန်းတစ်သောင်းခန့် အကုန်ကျခံ ဆောင်ရွက်ပေးထားကြောင်း၊ တချို့သော ကိုဗစ်စင်တာများ အတွက်လည်း လမ်းနှင့် မီးရရှိရေးအတွက် သိန်း ၅၀၀ ခန့် အကုန်ကျခံ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက် ပေးခဲ့ကြောင်း We Love Yangon ထံမှ သိရသည်။
We Love Yangon အနေဖြင့် ကော်မတီ ၁၁ ရပ် ဖွဲ့စည်းပြီး လက်ရှိ We Love မြို့နယ်ခွဲ ၄၂ ခုကို ဖွဲ့စည်းထားကာ နောက်ပိုင်းတွင် ရန်ကုန်မြို့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ We Love Yangon ဥက္ကဋ္ဌအဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က တာဝန်ယူထားပြီး အဖွဲ့ဝင် ၃၀၀၀ ခန့် ဖြင့် ယခုနှစ် မတ် ၅ ရက်က ဖွဲ့စည်းထားသည်။
ငြိမ်းငြိမ်း


