ရန်ကုန် ၂၀ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးရုံများ အဆင့်မြှင်တင်ရန် တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အလှူငွေများ လှူဒါန်းသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ်(၁)တွင် ကျင်းပသည်။
ရှေးဦးစွာ တရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအိုက်ထွန်းက အလှူငွေများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တရုတ်ကုန်သည်ကြီးများအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ခရိုင်/မြို့နယ် ဆေးရုံများ အဆင့်မြှင့်တင်ရန် ကျပ်သိန်းနှစ်ထောင်ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အလားတူ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကျပ်သိန်းငါးထောင်ကိုပါ ဆက်လက်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ Video Conferencing ဖြင့် တက်ရောက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


