ရန်ကုန် ၂၈ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီအားဖြည့် ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြိုသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ တင်ထွန်းအောင်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

အဆိုပါ နေပြည်တော်ကြက်ခြေနီ ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော် ဦးဆောင်သည့် နေပြည်တော်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့သည် လှိုင်မြို့နယ်ရှိ  အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကြာ ကူညီဆောင်ရွက်ပေးကြမည် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသအသီးသီး၌ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအောင်(MRCS)