ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ သံတမန်များခန့်အပ်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်းနှင့် National ICT Awards-2025 (Educational Project & Skills Competition)တိုင်းအဆင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ လှုပ်ရှားမှုမှတ်တမ်းနှင့် National ICT Awards-2025 Educational Project & Skills Competition (Video Clip ) တို့ကို ပြသခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း နာယကဦးနေအုပ်က မုဒိတာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်းက အသင်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ သံတမန်များအား ခန့်အပ်ခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင် အသင်းဥက္ကဋ္ဌ ဦးဌေးလင်းက မိတ်ဖက် အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ဝါသနာရှင်အသင်းမှ တာဝန်ရှိသူများက ပံ့ပိုးကူညီသူများ နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း၊ တိုင်းဒေသကြီးအဆင့် ဆုရရှိကြသည့်ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


