နေပြည်တော် ၂၇ မေ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူး တို့ကို ငွေကျပ်(၁၀)သိန်းပေးခဲ့ရခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး) သည် ၂၀၁၈ ခုနှစ် မတ် ၅ ရက်က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံ၏သမီးဖြစ်သူထံမှ ငွေကျပ် (၁၀)သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းတွင် မေ ၂၅ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်


