လှိုင်သာယာ၊ ၁၅ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုရာတွင် အမှတ်(၁၃)ရပ်ကွက်၊ ဇင်ယော်လမ်းအား အကျယ် ၁၈ ပေ၊ ထု ၇ လက်မ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ထိန်ပင်အမှိုက်ပုံနှင့် သုဿာန်တို့တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဆက်လက်ကြည့်ရှု စစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းလွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါဝင်၍ အများပြည်သူများသွားလာရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)


