လှည်းကူး၊  ၁  ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

စစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများက လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဂုံမင်းလျှိုကျေးရွာရှိ အရှည် ပေ ၁၂၀၊ အကျယ် ၁၄ ပေရှိ ကုန်ထုတ်တံတားနှင့် အရှည် ပေ ၃၉၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိ ဂဝံလမ်းလုပ်ငန်း များကိုလည်းကောင်း၊ ရေကျော်ကျေးရွာရှိ လေးလက်မခွဲ အမြင့်တင်စက်ရေတွင်း၊ ကြို့ကုန်းကျေးရွာရှိ လေးလက်မခွဲ အမြင့်တင်စက်ရေတွင်း၊ ကောက်ကွေ့ကျေးရွာရှိ ကုန်ထုတ်တံတား အရှည် ပေ ၈၀၊ အကျယ် ၁၄ ပေ၊ မြေသားလမ်း အရှည် ၂၃၅၆ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၂ ပေနှင့် အရှည် ၂၃၅၆ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိ ဂဝံလမ်း ခင်းခြင်းလုပ်ငန်းများ၊ ဝါးနက်ကုန်းကျေးရွာရှိ ကုန်ထုတ်ဂဝံလမ်း ၁/၂ မိုင်၊ ရှမ်းရွာကျေးရွာရှိ ကုန်ထုတ်ဂဝံလမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

လှည်းကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျတ်ဖြင့် လုပ်ငန်း ၁၁ ခုနှင့် ရေရရှိရေးလုပ်ငန်း ၃၇ ခု စုစုပေါင်း လုပ်ငန်း ၄၈ ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပြည်ထောင်စုရန်ပုံငွေဖြင့် မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ စီမံကိန်း သုံးရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ခြောက်ရွာ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၁၉ ရွာ၊ အခြေခံမော်တာစက်ချုပ်သင်တန်း သုံးရွာတို့အတွက် ငွေကျပ် ၄၀၇ သန်း လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)