ထန်းတပင် ၁၈ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ လှည်းဆိပ်စံပြကျေးရွာ တိုက်နယ်ဆေးရုံအတွက် ECG စက် ဆက်စပ်ပစ္စည်းများနှင့် အခြေခံပညာကျောင်းများအတွက် ပြည်သူ့နီတိစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ လှည်းဆိပ်စံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလိန်လည်ကျေးရွာ ခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အလိန်လည် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံမှာကြားခဲ့ကာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းထံသို့ ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသခံကျေးရွာနေ ပြည်သူများ သွားလာရာတွင် အဆင်ပြေစေရေးအတွက် အလိန်လည် - ရေတွင်းကုန်းလမ်း ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် မြို့နယ်တာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများက လှည်းဆိပ်စံပြကျေးရွာ တိုက်နယ်ဆေးရုံကြီးတွင် ငွေကျပ် (၁၄) သိန်း တန်းဖိုးရှိ ECG စက်နှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းနှင့် ဆေးရုံတာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် လှည်းဆိပ်စံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ သွားလာရာတွင် အဆင်ပြေစေရေး ကျောင်းတွင်းလျှောက်လမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ ဂရုတစိုက်သင်ကြားပေးရေးနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကျောင်းနေပျော်၍ စာတော်သော ကလေးငယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့ကို မှာကြားကာ ကျောင်းတာဝန်ရှိသူများထံသို့ ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့သည်။
ဇင်မင်းထိုက်(ထန်းတပင်)


